၂၀. ၄. ၂၀၂၃
Written By Thandar
မြန်မာပြည်သာမက ပြည်ပနိုင်ငံတချို့မှာပါ ပရိသတ်အားပေးမှုရရှိထားတဲ့ သရုပ်ဆောင် ပိုင်တံခွန်က ဒေါ်လာတစ်သန်းတန် ရုပ်ရှင်တစ်ကားတစ်ခု ရိုက်ကူး ထုတ်လုပ်ရေးအပိုင်းမှာ ညှိနှိုင်းဆွေးနွေးဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံကို ဧပြီလ ၁၉ ရက်က ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက LD ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒါရိုက်တာ လိခ်လီဒါကတော့ ပိုင်တံခွန်ရဲ့ခရီးက သူ့ရဲ့ ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ရုပ်ရှင်ကားတစ်ခု စီမံချက်နဲ့ပတ်သက်လို့ ဆန်းစစ်သုံးသပ်ကြဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပိုင်တံခွန်ဟာ မြို့တော်ဖနွမ်းပင်ရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက် ညနေပိုင်းမှာ ရောက်ရှိလာခဲ့တာလို့လည်း သတင်းတွေက ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းအခြေအနေတွေကို စတင်ကြုံတွေ့ရတဲ့အချိန်က စပြီးတော့ အခု ကမ္ဘောဒီးယားခရီးစဉ်ဟာ မင်းသားနဲ့ မော်ဒယ်ဖြစ်တဲ့ပိုင်တံခွန်ရဲ့ ပထမဆုံးအကြိမ် ပြည်ပခရီးလည်းဖြစ်ပါတယ်။ ပိုင်တံခွန်က အနုပညာနဲ့ပတ်သက်ပြီး ရုပ်ရှင်မင်းသား၊ အဆိုတော်နဲ့ မော်ဒယ်အပိုင်းမှာလည်း မြန်မာပြည်မှာ အောင်မြင်မူများစွာ ရရှိထားသူလည်း ဖြစ်ပါတယ်။
လိခ်လီဒါကတော့ မြန်မာမင်းသားဖြစ်တဲ့ ပိုင်တံခွန်ရဲ့ ခရီးစဉ်က ရုပ်ရှင်ထုတ်လုပ်ရေးအားလုံးအတွက် အကျိုးများစွာဖြစ်စေမှာဖြစ်သလို ရုပ်ရှင်ကားတစ်ကားကို နှစ်နိုင်ငံပူးတွဲထုတ်လုပ်ကြဖို့ လုပ်ဆောင်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ သူဟာ ကမ္ဘောဒီးယားနိုင်ငံက ထုတ်လုပ်ရေးနဲ့ မြန်မာနိုင်ငံက ထုတ်လုပ်ရေးနှစ်ခု ပူးပေါင်းရိုက်ကူးတဲ့ The Clock 2: The Red Wall ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်မူတွေကို လုပ်ဆောင်ထားခဲ့တာလည်း ရှိခဲ့ပါတယ်။
ပိုင်တံခွန်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ တစ်ပတ်ကြာ နေထိုင်သွားမယ်လို့ ဒါရိုက်တာ လိခ်လီဒါ က ပြောခဲ့ပါတယ်။ လတ်တလော ပိုင်တံခွန် နဲ့ G fatt တို့ဟာ သင်္ကြန်ကာလ နေပြည်တော်မှာ ကျင်းပတဲ့ ဖျော်ဖြေပွဲကို တက်ရောက်ခဲ့တဲ့အတွက် Facebook Page တွေကို Unlike လုပ်သူများလာခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူတွေကြားမှာ ဝေဖန်ရှုတ်ချမှုတွေလည်း တော်တော်လေးကို မြင့်တက်ခဲ့ပါတယ်။ ခုရက်ပိုင်းအတွင်းမှာပဲ ပိုင်တံခွန် ရဲ့ Page ကို Unlike လုပ်သူ နှစ်သိန်းနီးပါးရှိလာနေပေမဲ့ လတ်တလောမှာတော့ ပိုင်တံခွန်ရဲ့ Page ဟာ Like လုပ်ထားသူ ၂ သန်းကျော်ရှိနေဆဲပါ။ ဝေဖန်မှုတွေ ခံနေရတဲ့ ပိုင်တံခွန်ဟာ နှစ်သစ် ဆုတောင်းကိုလည်း ပြန်ဖျက်သွားတာ တွေ့ရပေမဲ့ အားပေးသူအများအပြားကိုတော့ ဆက်လက်ရရှိနေဆဲဖြစ်ပါတယ်။