၂၀. ၄. ၂၀၂၃
Written by Pan Ei
ယီမင်နိုင်ငံတွင် ဧပြီလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ပိုက်ဆံကြဲသည့် အလှူပွဲ အခမ်းအနားတစ်ခုတွင် သေနတ်သံနှင့် လျှပ်စစ်ပေါက်ကွဲမှု အသံတို့ကြောင့် လူအများထိတ်လန့်ကာ ပြေးလွှားခဲ့ကြရာမှ လူအုပ်ပြိုမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၈၅ ဦး သေဆုံးကာ ၇၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေများနှင့် ဟူသီအုပ်ချုပ်ရေးအဖွဲ့က ယနေ့၊ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ယီမင်နိုင်ငံ၏ မြို့တော် ဆာနာရှိ ကျောင်းတစ်ခုတွင်ပြုလုပ်ခဲ့သည့် အဆိုပါ အလှူပွဲ၌ လူတစ်ဦးလျှင် ယီမင်ရီရယ် ငါးထောင် (အမေရိကန်ဒေါ်လာ ၉ ဒေါ်လာ) ခန့် ပေးလှူရန် စီစဉ်ထားသောကြောင့် ရာနှင့်ချီသော လူများ လူစုလူဝေးဖြစ်ပွားခဲ့ကာ လူပြိုမှုဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။
လက်နက်ကိုင် ဟူသီများသည် လူစုလူဝေးကို ထိန်းချုပ်ရန်အတွက် လေထဲသို့ သေနတ်ပစ်ဖောက်ခဲ့ပြီး ထိုမှတစ်ဆင့် လျှပ်စစ်ဝါယာကြိုးကို ထိမှန်ကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေနှစ်ဦးတို့က ပြောကြားခဲ့ကာ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများထဲတွင် အမျိုးသမီးနှင့် ကလေးများစွာ ပါဝင်ခဲ့ကြောင်း သိရသည်။
ယခုအခါတွင် ပွဲကျင်းပခဲ့သည့် ကျောင်းကို ချိတ်ပိတ်ထားကာ ပွဲစီစဉ်သူနှစ်ဦးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဆွေမျိုးများ ဆုံးရှုံးသွားသော မိသားစုတစ်ခုစီအား လျော်ကြေးငွေ ဒေါ်လာ ၂၀၀၀ ခန့် ပေးဆောင်မည်ဟု ဟူသီများက ပြောကြားခဲ့ပြီး ဒဏ်ရာရသူများကို ဒေါ်လာ ၄၀၀ ခန့် ဆေးကုသစားရိတ် ပေးအပ်မည် ဖြစ်သည်ဟု သိရသည်။
Ref; The Guardian