၂၀. ၄. ၂၀၂၃
Written by Peya
သက်ငယ်မုဒိမ်းမှုကျုးလွန်ကြောင်း ပြစ်ဒဏ်ထင်ရှားစီရင်ခံရသူ သရုပ်ဆောင် မင်းရာဇာကို သင်္ဃန်းကျွန်း ခရိုင်တရားရုံးက ပုဒ်မ ၃၇၆ အတွက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း အဆိုပါ အမှုနှင့် ပတ်သက်၍ နစ်နာသူ မိန်းကလေးငယ်ဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ဒေါ်နော်အုန်းလှ က MT News သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ်အတွင်း သရုပ်ဆောင်မင်းရာဇာ၊ ဇနီးဖြစ်သူ ဖူးပွင့်ငုံနှင့် အောင်လွင်စိုး(ခ)ရခိုင်လေးတို့ကို အိမ်အကူအမျိုးသမီးငယ်အပေါ် ကိုယ်ထိလက်ရောက်အနိုင်ကျင့်သည်ဟုဆိုသော ကိစ္စနှင့် ပတ်သက်၍ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၆ (အပြင်းအထန်နာကျင်စေမှု) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါ အမှုအတွက် မတ်လ ဒုတိယပတ်အတွင်း သုံးဦးစလုံးကို ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ထားကာ မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့်ပါ တရားစွဲဆိုခံထားရသည့် မင်းရာဇာကို ယခုတွင် သက်ငယ်မုဒိမ်းမှုဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ် ၂၀ ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ဒီဥစ္စာက သင်္ဃန်းကျွန်းခရိုင်တရားရုံးက အမိန့်ချလိုက်တာ။ ပထမဟာနဲ့ မဆိုင်ပါဘူး။ ၃၇၆ အမှုအတွက် အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချလိုက်တယ်။ ဒါက အမြင့်ဆုံး ထောင်ဒဏ်ချလိုက်တာပါ” ဟု ဒေါ်နော်အုန်းလှက ဆိုသည်။
သက်ငယ်မုဒိမ်းမှုတရားခံ မင်းရာဇာအနေဖြင့် ချုပ်ရက်များကို ထုတ်နှုတ်ခံစားခွင့် ရှိ၊ မရှိ ဆိုသော အချက်နှင့် ပတ်သက်၍မူ တရားရုံးအတွင်း နေရာအခက်အခဲကြောင့် သေချာစွာ ကြားရခြင်း မရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။