၁၉. ၄. ၂၀၂၃
Written by Ye Kyaw
ပြီးခဲ့သည့် မတ်လတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးတိုးတက်မှု PMI အညွှန်းကိန်းသည် ၅၅ ဒသမ ၅ အထိ စံချိန်တင်တိုးတက်ခဲ့ပြီး အာဆီယံဒေသတွင်းနိုင်ငံများ၌ ၃၂ လအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ထိပ်ဆုံးမှဦးဆောင်လာကြောင်း ဧပြီ ၃ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ စတင်ခဲ့တဲ့ ဒေတာစုစည်းမှုအတွင်း အားအကောင်းဆုံး စွမ်းဆောင်ရည်ကို အချက်ပြလိုက်ခြင်းဖြစ်ပြီး အဓိကအကျဆုံး အညွှန်းကိန်း PMI မှာ မှတ်တမ်းထဲက ပူးတွဲအမြင့်ဆုံးနေရာမှာ ရှိနေပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။
အာဆီယံ PMI အညွှန်းကိန်းစစ်တမ်းကို အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှား စသည့်နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပေးပို့ခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံ၍တွက်ချက်ထားခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ မတ်လအတွင်း အာဆီယံဒေသအတွင်းရှိ စစ်တမ်းတွင် ပါဝင်သည့်ခုနစ်နိုင်ငံ၏ ပျမ်းမျှကုန်ထုတ်လုပ်မှု PMI အညွှန်းသည် ၅၁ မှာ မှတ်တမ်းတင်ခဲ့သဖြင့် ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သော PMI အညွှန်း ၅၁ ဒသမ ၅ နှင့် နှိုင်းယှဥ်လျှင် အနည်းငယ်နိမ့်ကျသွားခဲ့ကြောင်း ဖော်ပြထားသည်။
မတ်လအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ၅၅ ဒသမ ၅ အထိ အမြင့်ဆုံးရှိခဲ့ပြီး ၃၂ လအတွင်း ပထမဆုံးအကြိမ် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းသည် ၅၃ ဒသမ ၁ သို့ နိမ့်ကျသွားသဖြင့် ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသော်လည်း တိုးတက်မှုနှုန်း ခိုင်မာလျက်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်း ၅၂ ဒသမ ၅ တွင်ရှိပြီး ယခင်လထက် မသိမသာကျဆင်းခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ ကုန်ထုတ်လုပ်မှုအခြေအနေ တိုးတက်လာမှုကို ထောက်ပြခဲ့ကြသော်လည်း အနည်းငယ်သာ အားကောင်းမှုရှိခဲ့ပြီး ကုန်ထုတ်လုပ်မှု PMI အညွှန်းသည် ၅၁ ဒသမ ၉ သာရှိခဲ့သည်။
စင်ကာပူနှင့် မလေးရှား နှစ်နိုင်ငံစလုံးတွင် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းအခြေအနေများ ဆုတ်ယုတ်လာခဲ့၍ PMI အညွှန်းကိန်း အောင်မှတ် ၅၀ အောက်သို့ ကျဆင်းခဲ့ပြီး PMI အညွှန်း ၄၈ ဒသမ ၉ နှင့် ၄၈ ဒသမ ၈ သို့ ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။
အာဆီယံ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ၁၈ လမြောက် ဆက်တိုက် တိုးတက်မှုနယ်ပယ်တွင် ရှိနေသော်လည်း PMI အညွှန်းကိန်း ၅၁ မှာ ထိုကာလအတွက် ပျမ်းမျှထက် နိမ့်ကျနေကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။