၁၉. ၄. ၂၀၂၃
Written By Thandar
အက်ရှင် ဒရာမာဇာတ်လမ်းပုံစံ “နံပါတ်များနဲ့မြို့” ရုပ်ရှင်ဇာတ်ကားမှာ ဝတ်မှုန်ကျော်နေရာကို ချဥ်းကပ်ဖို့အတွက် တော်တော်ခက်ခဲတယ်လို့ သရုပ်ဆောင် ချိုမဒီသွင်က MT News ကို ဖွင့်ဟလာပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဦးစီးတည်ထောင်တဲ့ 3H Art Academy က စီစဥ်ဖန်တီးထားပြီး ဧပြီ ၁၈ ရက်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မဟာဗောဓိဆုတောင်းပြည့်မှာ ကန်တော့ပွဲပေးခဲ့တာလည်း ဖြစ်ပါတယ်။
“ရည်ရွယ်မိုး ကာရိုက်တာမှာ ညီမက နည်းနည်းဆိုးတဲ့ မိန်းကလေးပေါ့။ ဒီကားမှာ ဝတ်မှုန်ကျော်နေရာကို ချဥ်းကပ်ဖို့ ညီမအတွက် တော်တော်ခက်ခဲတယ်လို့ ပြောလို့ရတယ်။ ဇာတ်ကောင်က ပုံစံတွေအကုန်လုံး ညီမကို မြင်နေကျ ပုံစံထက် ဆံပင်ပုံစံအစ အကုန်လုံး Change ထားရတဲ့အတွက် စိန်ခေါ်မှုများပါတယ်။ ရုပ်ရှင်ဇာတ်ကားမှာ အဓိက ဇာတ်ဆောင်နေရာက မြင်တွေ့ရမယ့်ကားပါ။ ဒီကားမှာ ပြုပြင်ပြောင်းလဲမူတွေလည်း အများကြီး လုပ်ထားတယ်”လို့ သရုပ်ဆောင် ချိုမဒီသွင်က ပြောပါတယ်။
သူမက လက်ရှိ ရုံတင်ပြသနေတဲ့ ရည်ရွယ်မိုး ရုပ်ရှင်ကားမှာ ပါဝင်ထားသလို စျေးဗန်းခင်းမယ် ၊ Play Boy ကားတွေကို ရုပ်သံလိုင်းမှာ ပြသခဲ့ပြီးဖြစ်ပါတယ်။ ချိုမဒီသွင် ပါဝင်သရုပ်ဆောင်ထားတဲ့ ထောင့်မှန် စတုဂံများ ဇာတ်ကားနဲ့ Mahar App နဲ့ ဇာတ်လမ်းတွဲ နှစ်ကားကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။
“အဖြစ်အပျက်တစ်ခုဖြစ်တိုင်း နံပါတ်လေးတွေက သွားတူနေတာလေးတွေရှိတယ်။ လူငယ်တွေကြားမှာ ဖြစ်တတ်တဲ့ ပြဿနာ၊ ပုံစံမတူတဲ့ အဖြစ်တွေအကြောင်းအရာလေးတွေ ပါပါတယ်။ ပြိုင်ကားတွေ ဆိုင်ကယ်တွေနဲ့ ခပ်မိုက်မိုက်ပုံစံလေးကို ဒါရိုက်တာရဲ့ အဓိကရိုက်ချက်တွေကို တွေ့ရမှာပါ” လို့ သူမကဆက်ပြောပါတယ်။
ဒီဇာတ်ကားကို 3H Art Production က ဇာတ်လမ်း ၊ ဇာတ်ညွှန်းရေးထားပြီး ဒါရိုက်တာအနေနဲ့ မင်းမြတ်က သရုပ်ဆောင်တွေဖြစ်တဲ့ မင်းဘုန်းမြတ် ၊ ချိုမဒီသွင် ၊ ဆုလာဘ်ရတနာ ၊ ယွန်းဝတီလှိုင် ၊ သွန်းရတီဆက် ၊ဝေဖြိုး ၊ သီရိဂရေ့စ် ၊ ကျော်ဇေယျ ၊ လှမျိုးသဥ္ဇာနွယ် ၊ မိုးခမ်း ၊ မြမြတ်ချယ်၊ ကောင်းခန့်ကျော် ၊ ပိုးသင်္ခ၊ ပန်ပန်တို့နဲ့ ရန်ကုန်မြို့၊ မန္တလေးမြို့တွေမှာ ရိုက်ကူးဖန်တီးနေပါတယ်။