၁၉. ၄. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပဒုမ္မာပန်းခြံအနောက် မြေနီကုန်းတံတားအောက်ရှိ အိမ်ပျက်ထဲတွင် ရိုက်နှက်ခံရသောဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦးကို ယနေ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၈ နာရီ ၁၅ မိနစ်ဝန်းကျင်က တွေ့ရှိခဲ့ကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။
သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရဘဲ အိမ်ခြေမဲ့တစ်ဦးဖြစ်ကြောင်း၊ အဆိုပါ အိမ်ပျက်အတွင်းနေထိုင်သည်ကို ကာလအတန်ကြာ တွေ့မြင်ဖူးကြောင်း စသည်ဖြင့် အနီးပတ်ဝန်းကျင်မှပြောကြသည်ကို စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူမှ MT News သို့ ပြန်လည်ပြောသည်။
ယနေ့တွေ့ရှိသည့် စမ်းချောင်းမြို့နယ်၊ ပဒုမ္မာပန်းခြံအနောက် မြေနီကုန်းတံတားအောက်ရှိ အိမ်ပျက်ထဲတွင် သေဆုံးသူမှာ ဦးခေါင်းအား ရိုက်နှက်ခံရသည့်ဒဏ်ရာများကြောင့် သွေးထွက်လွန် သေဆုံးရသည့်လက္ခဏာ ဖြစ်ပြီး သေဆုံးသူအမျိုးသားမှာ အသက်လေးဆယ် ဝန်းကျင်အရွယ်ဟု သိရသည်။ ၎င်းအား စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ သူနာတင်ယာဥ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းကွင်း စီးတီးမတ်ဘေးတွင် အိမ်ခြေမဲ့တစ်ဦး အရိုက်ခံရပြီး ငွေလုယက်ခံရသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။
လတ်တလောတွင် အိမ်ခြေမဲ့ တောင်ရမ်းစားသောက်သူများထံမှ အုပ်စုဖွဲ့ရိုက်နှက်လုယက်သည့် အဖွဲ့များရှိလာနေကြောင်းကိုလည်း လူမှုကူညီရေးအဖွဲ့ဝင်များက ၎င်းတို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရာတွင်ကြုံတွေ့ရသည့် ဖြစ်စဥ်များနှင့် ယှဉ်ထိုးမှတ်ချက်ပြုထားသည်။