၁၉. ၄. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့၊ မန်ဟတ်တန်ခရိုင်အတွင်း Pace တက္ကသိုလ်အနီးရှိ မော်တော်ယာဉ်များရပ်နားရာ လေးထပ်အဆောက်အအုံတစ်ခု ဧပြီလ ၁၈ ရက် မွန်းလွဲပိုင်းကပြိုကျခဲ့မှုကြောင့် လူတစ်ဦးသေဆုံးပြီး အနည်းဆုံးငါးဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။
အဆိုပါ ပြိုကျမှုက မန်ဟတ်တန် ငွေကြေးဈေးကွက်ခရိုင်အတွင်း အန်းလမ်းတွင် မွန်းလွဲ ၄ နာရီ အကျော်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဟု သတင်းများကဆိုခဲ့သည်။ အဆောက်အအုံပြိုကျချိန်အတွင်း အလုပ်သမားခြောက်ဦး အဆောက်အအုံအတွင်း ရှိနေကြသည်ဟု အာဏာပိုင်များကပြောခဲ့သည်။
၎င်းတို့အနက် တစ်ဦးမှာ ပြိုကျမှုကြောင့်သေဆုံးခဲ့ရပြီး ငါးဦး ဒဏ်ရာရခဲ့ကြသည်။ ဒဏ်ရာရသူများအနက် လေးဦးကဆေးရုံတွင် ပုံမှန်စိတ်ချရသောအခြေအနေတွင် ရှိနေပြီး ကျန်တစ်ဦးကမူ ဆေးကုသမှုခံရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုကျမှုက တစ်စုံတစ်ရာ မရိုးမသားအကြမ်းဖက်ဆောင်ရွက်မှုပြုခြင်းကြောင့်မဟုတ်ကြောင်း၊ သို့သော် ပြိုကျမှု၏အကြောင်းရင်းကို မှုခင်းဆိုင်ရာ အင်ဂျင်နီယာတစ်ဦးနှင့် စစ်ဆေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ လတ်တလောတွေ့ရှိချက်များအရ ခေါင်မိုးအထပ်တွင်ရပ်နားထားသော ကားများ၏အလေးချိန်ကို အဆောက်အအုံအနေနှင့် ခံနိုင်ရည်အားမရှိတော့ဘဲ ပြိုကျခဲ့သည်ဟု ယူဆရကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။
ပြိုကျနေသော အဆောက်အအုံကို စနစ်တကျဖျက်သိမ်းရန်မှာ တစ်ရက်မက အချိန်ယူလုပ်ဆောင်ရဖွယ်ရှိပြီး အဆောက် အအုံမှာ လုံးဝလဲပြိုမသွားသေးဘဲ တည်ငြိမ်ခိုင်ခန့်မှုမရှိသည့်အခြေအနေတွင် ရှိနေခြင်းကြောင့် ထပ်မံပြိုလဲကျမည်ကိုစိုးရိမ်ရလျက်ရှိသည်။ ဖျက်သိမ်းမှုလုပ်ငန်းစဉ်၏ ပထမအဆင့်အဖြစ် မော်တော်ယာဉ်များကို အဆောက်အအုံအတွင်းမှ ဖယ်ရှားနိုင်ရန်ဆောင်ရွက်သွားရမည်ဖြစ်ပြီး သတိကြီးစွာထား၍ ဆောင်ရွက်ရဖွယ်ရှိကြောင်း သိရသည်။
ယခုအခါ ပြိုလဲထားသောအဆောက်အအုံအတွင်းသို့ ဝင်ရောက်ဆောင်ရွက်ရန်မှာ လုံးဝလုံခြုံစိတ်ချမှု မရှိသောအခြေအနေတွင်ဖြစ်၍ အဆောက်အအုံအပြင်မှသာ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။ အဆောက်အအုံအားပိတ်ထားသော်လည်း အတွင်းရှိမော်တော်ယာဉ်များမှ ဓာတ်ဆီများက မီးလောင်ရန်စိုးရိမ်ဖွယ်အကြောင်းတစ်ခုဖြစ်၍ မီးသတ်တပ်ဖွဲ့က အဆင်သင့်စောင့်ဆိုင်းနေကြောင်းလည်း သိရသည်။
Ref—— CBS news