၁၉. ၄. ၂၀၂၃
Written by Pan Ei
လာမဲ့ မေလ ၆ ရက်နေ့မှာ ဗြိတိန်ဘုရင် King Charles III ရဲ့ နန်းတက်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး နန်းတက်ပွဲအပြီး မေလ ၇ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲမှာ Katy Perry နဲ့ Lionel Richie တို့ ပါဝင်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
ဒီဖျော်ဖြေပွဲကို လူထုနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော် နှစ်သောင်းခန့် တက်ရောက်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပြီး ရေဒီယိုနဲ့ အွန်လိုင်းကလည်း တိုက်ရိုက်ထုတ်လွှင့်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Katy Perry နဲ့ Lionel Richie တို့ဟာ Charles ဘုရင်ရဲ့ ပရဟိတဖောင်ဒေးရှင်းတွေနဲ့ ချိတ်ဆက်မှုရှိပြီး ဘုရင်ကြီး Charles ထက် တစ်နှစ်ငယ်တဲ့ အသက် ၇၃ နှစ်အရွယ် Lionel Richie က ဖျော်ဖြေပွဲဟာ သူ့အတွက် ဂုဏ်ယူစရာ ဂုဏ်ပြုပွဲတစ်ခုဖြစ်ပါလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက နန်းတက်ပွဲမှာ ဖျော်ဖြေဖို့ကမ်းလှမ်းတာကို Adele၊ Ed Sheeran၊ Harry Styles၊ Spice Girls၊ Elton John စတဲ့အနုပညာရှင်တွေက ဖျော်ဖြေပွဲအတွက် အချိန်ညှိဖို့ အဆင်မပြေတာကြောင့်နဲ့ ဖျော်ဖြေပွဲတွေ ရက်တိုက်နေတာကြောင့် စတဲ့ အကြောင်းပြချက်တွေနဲ့ ငြင်းဆိုခဲ့ကြတာကြောင့် ပွဲစီစဉ်သူတွေအနေနဲ့ အခက်တွေ့ခဲ့ရပါသေးတယ်။
နန်းတက်ပွဲမှာ Katy Perry နဲ့ Lionel Richie တို့နဲ့အတူ အမျိုးသား အင်္ဂလိပ်ပေါ့ဂီတအဖွဲ့ Take That၊ Queen Elizabeth II အတွက် ဖျော်ဖြေပေးခဲ့ဖူးတဲ့ Andrea Bocelli တို့ကလည်း ပါဝင် ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
Ref; Reuters