၁၉. ၄. ၂၀၂၃
Written by Pan Ei
တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ဆေးရုံတစ်ရုံတွင် ဧပြီလ ၁၈ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ပြီး ယနေ့ ဧပြီ ၁၉ ရက်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုသည် ဧပြီလ ၁၈ ရက် မွန်းလွဲပိုင်းက စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လောင်ကျွမ်းပြီး နာရီဝက်ခန့်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြပြီး လူနာ ၇၁ ဦးကို အခြားနေရာသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူများမှာ ယနေ့ ဧပြီ ၁၉ ရက် မနက်ပိုင်းအထိ သေဆုံးသူ ၂၁ ဦး ရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းမီဒီယာများက ဖော်ပြခဲ့ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်၊ သေဆုံးသူများ၏ အခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
လုံခြုံရေးစံနှုန်း အားနည်းခြင်းနှင့် လိုက်နာမှုအားနည်းခြင်းတို့ကြောင့် တရုတ်နိုင်ငံတွင် လူအသေအပျောက်များသည့် မီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း တရုတ်နိုင်ငံအလယ်ပိုင်းရှိ စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၃၈ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
Ref; CNA