၁၈. ၄. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးလုပ်ငန်းများ ဆိုင်းငံ့လိုက်ခြင်းသည် ကမ္ဘာ့သံဖြူထုတ်လုပ်ရေးလုပ်ငန်းအတွက် အခက်အခဲများ၊ ဈေးတက်မှုများ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း တရုတ်နိုင်ငံအခြေစိုက်ကမ္ဘာ့အကြီးဆုံး သန့်စင်ပြီး သတ္တုထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Yunnan Tin ကပြောသည်။
အဆိုပါ ကုမ္မဏီက “ကျွန်တော်တို့ဟာ ပြည်တွင်းသတ္တု ကုန်ကြမ်းပစ္စည်းထောက်ပံ့မှုအခြေအနေများကို အနီးကပ်စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်းကနေ သတ္တုတူးဖော်ထုတ်လုပ်မှုများကို ဆိုင်းငံ့လိုက်ခြင်းဟာ သက်ရောက်မှုတွေဖြစ်လာစေခဲ့တယ် ” ဟု ဆိုသည်။
မြန်မာနိုင်ငံအခြေစိုက် ၀ လက်နက်ကိုင်အဖွဲ့ United Wa State Army ၏ တာဝန်ရှိသူတစ်ဦးက ၎င်းတို့ထိန်းချုပ်ထားသောနယ်မြေများတွင် သတ္တုတူးဖော်ရေး ရှာဖွေခြင်းလုပ်ငန်းများကို သြဂုတ်လမှ စတင်ဆိုင်းငံ့သွားဖွယ်ရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံဘက်ခြမ်းမှ သတ္တုတူးဖော်ရှာဖွေရေးလုပ်ငန်းများ ဆိုင်းငံ့မည့်သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် တရုတ်နိုင်ငံရှိ သံဖြူ သို့မဟုတ် ခဲမဖြူဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေကြောင်းသိရသည်။ ဧပြီ ၁၈ ရက်နေ့က တရုတ်နိုင်ငံအတွင်းရှိဈေးကွက်များတွင် သံဖြူဈေးနှုန်းများသည် မြင့်တက်လာခဲ့ရာ တစ်တန်ကို တရုတ်ယွမ် ၂၇၇၀၅ အထိ မြင့်တက်လာခဲ့ပြီး နှစ်လအတွင်း အမြင့်ဆုံးဈေးနှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် သံဖြူကိုရယူနိုင်ရန်အတွက် မြန်မာနိုင်ငံကိုအဓိကထား မှီခိုနေရပြီး တရုတ်နိုင်ငံမှတင်သွင်းနေသော သံဖြူအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်က မြန်မာနိုင်ငံထံမှဖြစ်ကြောင်း သိရသည်။
Ref—-channelnewsasia