MT News
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ချော-ရဲရွာလမ်း ၆-မိုင် အပန်းဖြေစခန်းအနီးတွင် မန္တလေးမှ အလည်အပတ်လာရောက်သော Light Truck ယာဉ်ငယ်တစ်စီး တိမ်းမှောက်မှု ဧပြီလ ၁၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ၁၆ ဦးဒဏ်ရာရကာ တစ်ဦးသေဆုံးခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း (အုန်းချော)မှ တာဝန်ရှိသူထံက သိရသည်။
“ဘာကြောင့် ယာဥ်တိမ်းမှောက်ရသလဲတော့ မသိပါဘူးခင်ဗျာ။ အတက်အဆင်းမဟုတ် အကွေ့ကြီးမဟုတ်ဘဲ မှောက်တာဆိုတော့ တစ်ခုခုရှောင်ရင်း ဒါမှမဟုတ် ယာဉ်မောင်းပေါ့ဆမှုလို့ယူဆရပါတယ်။ သေဆုံးတဲ့ အမျိုးသားက ယာဥ်မောင်းဖြစ်သူပါ။ အသက် ၄၀ ဝန်းကျင်လို့ ခန့်မှန်းရပါတယ်”ဟု စေတနာမွန်လူမှုကူညီရေးအသင်း (အုန်းချော)မှ တာဝန်ရှိသူက MT News သို့ ပြောသည်။
ဖြစ်စဥ်ကြောင့် ယာဉ်ပေါ်လိုက်ပါလာသူများအနက် ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးကို လူနာများအား ကူညီပေးလိုသော ခရီးသွားယာဉ်များ၊ လူနာတင်ယာဉ်အသင်းများက ကျောက်မီးတိုက်နယ်ဆေးရုံနှင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြပြီး သေဆုံးသွားသော အမျိုးသားအား စေတနာမွန် လူမှုကူညီရေးအသင်း သူနာတင်ယာဥ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။