MT News
Written by Thettant
တပ်မတော် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၂၁) နှင့် ကပစ (၂၂ )ကို PDF များက တိုက်ခိုက်ခဲ့သည်ဟု NUG က ဧပြီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပထမဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့၊ ည ၁၀ နာရီတွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံသို့ သွယ်တန်းထားသည့် ဓာတ်အားလိုင်းများကို ၂ နေရာခွဲ၍ ဖြိုချ တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဧပြီလ (၈)ရက်နေ့၊ ည ၁၀ နာရီတွင် ထပ်မံ တိုက်ခိုက်ရာ အပြီးသတ် အောင်မြင်စွာ ဖြိုချနိုင်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဧပြီလ ၁၀ ရက်နေ့၊ ညနေ ၅ နာရီခွဲတွင် ဆိပ်ဖြူမြို့နယ်၊ တမကောက်ကျေးရွာအနီးရှိ ဓာတ်အားပေးလိုင်းကို ပြုပြင်ရန်လာသည့် လခရ (၁၅) ဦးကို လက်နက်ကြီးနှင့် Drone ပေါင်းစပ်အသုံးပြုကာ တိုက်ခိုက်နိုင်ခဲ့ပြီး လခရ (၂)ဦး ကျကာ (၃) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုများကို PDF ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း၊ အမှတ်(၁၁) တပ်ရင်း၊ အမှတ်(၁၉) တပ်ရင်း၏ ဆိပ်ဖြူဘာမထီတပ်ခွဲ (၁/၂)၊ တပ်ခွဲ(၃) ဆိပ်ဖြူ ဗိုလ်မထားတပ်ဖွဲ့၊ ဂန့်ဂေါခရိုင် အမှတ်(၅) တပ်ရင်း၊ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) ပကဖတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NUG PDF စစ်ရုံးချုပ်ထုတ်ပြန်ချက်က ဆိုသည်။
ဒုတိယဖြစ်စဥ်မှာ ကပစ (၂၁) ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့၊ ညနေ ၃ နာရီမှ ၄ နာရီ ၁၀ မိနစ်အထိ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမကျေးရွာအခြေစိုက် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို PDF မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းနှင့်ဒေသခံတပ်ရင်းများ ပူးပေါင်းကာ ရှော့ခ်တိုက်ဒုံးများ၊ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ပစ်ခတ်တိုက်ခိုက်ရာတွင် ကပစတပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် အဆောက်အဦအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထုတ်လုပ်ရေးစက်ရုံပျက်စီးကာ ရန်သူ့တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟုဆိုပြီး PDF တစ်ယောက်ထိခိုက်ဒဏ်ရာရ ဆုတ်ခွာခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။