၁၉. ၄. ၂၀၂၃
Written By Thandar
ဂီတပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်အားပေးမှုရရှိလာတဲ့ သရုပ်ဆောင် ရဲရင့်အောင်က အချစ်ရေးနဲ့ ပတ်သက်ရင် ဘယ်သူကိုမှ မမုန်းတတ်ပါဘူးလို့ ဆိုပါတယ်။
“အပြင်မှာလည်း အချစ်ရေးပတ်သက်ပြီး သုံးပွင့်ဆိုင်၊ လေး ပွင့်ဆိုင်တွေ ရှိနိုင်ပါတယ်။ ကိုယ်မသိလို့သာပါ။ ကျွန်တော်ကတော့ လေးပွင့်ဆိုင်အချစ်ရေးမဖြစ်ခဲ့ပါဘူး။ ချစ်သူရည်းစားနဲ့ အပြင်မှာ လမ်းခွဲရင် ရင့်ရင့်သီးသီးပြောတတ်သူ
မဟုတ်ပါဘူး။ သူပြောရင်ပြော ကျွန်တော်က အပြောပဲခံတာပါ။ ကျွန်တော် အချစ်ရေးမှာ ငယ်ငယ်ကတော့ သစ္စာဖောက်ခံရတာ ကြုံဖူးပါတယ်။ မမှတ်မိတော့ဘူး။ မှတ်ထားစရာမှ မဟုတ်တာ။ အချစ်နဲ့ပတ်သက်ရင် ဘယ်သူကိုမှ ကျွန်တော်မမုန်းတတ်ပါဘူး။ ကျွန်တော် ရှောင်ထွက်သွားတာများပါတယ် ”လို့ အဆိုတော် သရုပ်ဆောင်ရဲရင့်အောင်က ပြောပါတယ်။
လက်ရှိ ရုံတင်ပြသနေတဲ့ ပရိသတ်စိတ်ဝင်စားမှုရရှိနေတဲ့ “ရည်ရွယ်မိုး” ဇာတ်ကားမှာလည်း ပါဝင်ထားတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ရဲအောင် ၊ နေဝင်း ၊ မေမြင့်မိုရ် စတဲ့ သူတွေအားလုံး အဆင်ပြေပြေနဲ့ သရုပ်ဆောင်ထားတယ်လို့ သူကဆိုပါတယ်။ ရဲရင့်အောင်ဟာ မကြာခင်ရက်ပိုင်းကလည်း “ပုံမှန်မဟုတ်ခြင်းများ” သီချင်းခွေရဲ့ နန်းကျ အကြောင်းသီချင်းကိုလည်း ပရိသတ်ကို လက်ဆောင်ပေးထားပါတယ်။
“ကျွန်တော် ပထမ ရုံတင်တဲ့ကားနဲ့ ကာရိုက်တာက ဆန့်ကျင်ဘက်ပေါ့။ ဒီကာရိုက်တာက ရိုးသားတယ်။ ပိုက်ဆံသိပ်မရှိဘူး။ ကြိုးစားတယ်ပေါ့။ ဒီဇာတ်ကားမှာ ကျွန်တော်က နေ့တိုင်းငိုနေရတာပါပဲ။ နေမင်းသစ်ဆိုတဲ့ ကောင်လေးက ကောင်မလေးကို တအားချစ်တယ်။ သူချစ်တာက မပိုင်ဆိုင်ရရင်တောင် အဆုံးစွန်ထိအောင် ချစ်မယ်ဆိုတဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့တယ်။ ဒီကာရိုက်တာ တော်တော်လည်း ဒုက္ခရောက်တယ်။အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်”လို့ သူက ဆက်ပြောပါတယ်။