၁၉. ၄. ၂၀၂၃
Written by Hey Mar
ငါးမွေးမြူရေးကန်များတွင် ကြက်ခြံနှင့် ငါးကန်တွဲ၍ မွေးမြူမှုကို ယခုနောက်ပိုင်းတွင် လျှော့ချမွေးမြူရေးလုပ်ငန်းစဉ်အား ယခုနှစ် ၂၀၂၂ ခုနှစ် မတ်လအတွင်းမှ စတင်ပြီး တွင်တွင်ကျယ်ကျယ် နှိုးဆော်တိုက်တွန်းမှုများ လုပ်ဆောင်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးဌာနခွဲမှ သိရသည်။
ယခင်က စီးပွားရေးအရ တွက်ချေကိုက်သက်သာစေရန် ငါးမွေးကန်များအတွင်း ကြက်ခြံဆောက်ကာ ကြက်ချေးကို ငါးစာအဖြစ် ပြန်လည်အသုံးပြုပြီးမွေးမြူသည့်စနစ်ကို ကျင့်သုံးလုပ်ဆောင်ခဲ့ကြသည်။ ထိုအခါ ဘေးထွက်ဆိုးကျိုးများအဖြစ် ကြက်ကို ထုတ်ရောင်းချိန်တွင် ငါးကို အစာဖြတ်ကာ ကန်ထဲ အစာအကြွင်းအကျန်ကုန်ချိန်မှ အစာသစ်ထပ်သော်လည်း အစာအသစ်နှင့်အဟောင်းရောနှောမှုအကြား ကန်ရေအရည်အသွေးကျကာ ငါးသေဆုံးမှု ဖြစ်စဉ်များ ဖြစ်ပွားခြင်း ထို့အပြင် ရာသီဥတုအပူချိန်မြင့်တက်လာသည့်အခါမျိုးတွင် ကြက်ငါးတွဲမွေးသည့်ကန်များ၌ ကန်ရေညစ်ညမ်းမှုများကြောင့် ငါးများသေဆုံးခြင်းဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်းသိရသည်။
“ ကိုဗစ်မဖြစ်ခင်ကတည်းက စတင်ပြီးညွှန်ကြားချက်က ထွက်လာတာ။ ကိုဗစ်ဖြစ်တော့လုပ်ငန်းစဉ်က ရပ်သွားတာမှ အခုနှစ်မှာတော့ ပြန်စတာပေါ့။ အရင်က မွေးဖို့ နှိုးဆော်ပြီး အခု မမွေးဖို့ ပြန်လည်သတိပေးရတာက ပြည်ပတင်ပို့တဲ့ ကန်တွေကို အဓိက သတိပေးဆောင်ရွက်ရတာပါ။ ရေသတ္တဝါအများဆုံး တင်ပို့နေတဲ့ ၁၀ နိုင်ငံထဲမှာ တရုတ်၊ ထိုင်း ၊ ဘင်္ဂလားဒေ့ရှ်ဘက်ကနေပြီး ဘာတွေပြန်လာလဲဆိုတော့ ဒီက ငါးတွေမှာ ဓာတုဓာတ်ကြွင်းတွေ တွေ့ရတယ်ပေါ့။ အဲဒီတော့ စစ်ဆေးတဲ့အခါ အခုလို ကြက်ခြံငါးကန် တွဲတဲ့စနစ်မှာ ပြဿနာဖြစ်သွားတာကိုတွေ့လို့ ပြည်ပတင်ပို့နေတဲ့ ကန်တွေကို အခုလိုမမွေးတော့ဖို့ တိုက်တွန်းဆောင်ရွက်နေတာပါ” ဟု ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးဌာနခွဲမှ ဒုတိယဦးစီးမှူး ဦးကျော်မိုးအောင်က MT News သို့ ပြောသည်။
ယင်းသို့ ငါးများတွင်တွေ့ရသည့် ဓာတုဓာတ်ကြွင်းများမှာ စားသုံးသူအတွက် အန္တရာယ် တစ်စုံတစ်ရာ မရှိသော်လည်း ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practice – GAqP) နှင့် မညီညွတ်သည့်အတွက် တဖြည်းဖြည်းနှင့် တိုင်းဒေသကြီးအသီးသီးရှိ မွေးမြူရေးလုပ်ငန်းစဉ်များမှ ဖယ်ရှားမည်ဟုလည်း သိရသည်။
လက်ရှိတွင် ယခင် ၂၀၁၈ -၂၀၁၉ ခုနှစ်များက ဖြစ်ပွားခဲ့သော ငါးမွေးကန်များ၌ အပူရှိန်ကြောင့် ငါးသေဆုံးမှုဖြစ်စဉ်များ မဖြစ်အောင် ကြိုတင်ကာကွယ်မှုများနှင့် ပတ်သတ်၍လည်း ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနေစိုးက”ကန်တွေမှာ ဘေးရေကောင်းရင် ကန်ရေကို အောက်ရေ သုံးပုံတစ်ပုံလောက်ထုတ်ပြီး အသစ်မောင်းသွင်းတာ၊ ဘေးရေမရတဲ့ အထက်ပိုင်းဒေသတွေမှာ ထုံးကြဲတာ၊ အစာလျှော့တာ၊ ဆားကြမ်းဖျော်ပြီးပက်တာ၊ ဒါတွေလုပ်ဆောင်ဖို့ တိုက်တွန်းထားတယ်။ မွေးတဲ့ကန်ရဲ့ စနစ်အပေါ်လည်း မူတည်တယ်။ ကြက် ငါးတွဲမွေးတာ မဟုတ်ဘဲ ငါးကန်သီးသန့်ဆိုရင်လည်း သိပ်ပြဿနာမရှိသေးဘူး။ ပြဿနာရှိတဲ့ကန်တွေက ငါးစုံထည့်မွေးတာနဲ့ ကြက် ငါးတွဲမွေးတဲ့ ကန်တွေမှာ အခုလိုရာသီဆို ရှေ့ကပြောတာတွေ သေချာ စနစ်တကျ ဂရုစိုက်လုပ်သင့်တယ်။ ဝန်ကြီးဌာနတွေကလည်း တိုက်တွန်းနှိုးဆော်တာတွေ လုပ်ထားတယ်” ဟု ပြောသည်။
ကြက်ခြံငါးကန်တွဲ၍မွေးမြူမှုကို လက်ရှိတွင် နိုင်ငံ၏ စီးပွားရေးအခြေအနေအရ ပြည်တွင်းအတွက် ဖြန့်ဖြူးရောင်းချနေသည့်ကန်များအား တင်းကြပ်စွာဆောင်ရွက်မှု မပြုသေးသော်လည်း နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (GAqP) စနစ်ကိုသာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။ ကြက်နှင့်ငါးအများဆုံးတွဲဖက်မွေးမြူသည့် ဒေသများမှာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့ဖြစ်ကြောင်း သိရသည်။