၁၉. ၄. ၂၀၂၃
Written by Nyein Kyaw
ရုရှား Bloggers အဖွဲ့က ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင်မြို့တို့ရှိ မြန်မာနိုင်ငံ၏ အထင်ကရနေရာများနှင့် အတာသင်္ကြန်ပွဲတော်ပုံရိပ်များကို ရုရှားနိုင်ငံရှိ Online Website များ၌ ထုတ်လွှင့်ပြသနိုင်ခဲ့သဖြင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ဧပြီ ၁၈ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
SAC အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖိတ်ကြားချက်အရ ရုရှား Bloggers အဖွဲ့သည် ဧပြီ ၁၂ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ရုရှား Bloggers အဖွဲ့က မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင် စသည့်မြို့များရှိ အထင်ကရနေများအား လေ့လာကြည့်ရှုခြင်း၊ မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ Bloggers အဖွဲ့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံ၏ အထင်ကရနေရာများနှင့် အတာသင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲခဲ့မှုများကို ၎င်းတို့နိုင်ငံရှိ Online Website များ၌ လွှင့်တင်ခြင်းများနှင့် ထုတ်လွှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ အစားအသောက်များ၊ မြန်မာနိုင်ငံ၏ရှုခင်းအလှအပများကို ရုရှားပြည်သူများ ပိုမိုသိရှိလာနိုင်မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုသာမက ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မာ စေမည်ဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းများ တိုးတက်ရေး အတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ရုရှား Bloggers အဖွဲ့အား ဧပြီ ၁၈ ရက် ညနေပိုင်းတွင် SAC အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်၌ ညစာဖြင့်တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါ ညစာစားပွဲသို့ မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းဥက္ကဋ္ဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်သော်နှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှား Bloggers အဖွဲ့ခေါင်းဆောင်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းအတွင်းရေးမှူး Mr. Seferov Rushen နှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။