၁၈. ၄. ၂၀၂၃
Written by Nay Moe
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ နယ်၊ ပငကျေးရွာ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့် အကြမ်းဖက်ဖောက်ခွဲရန် ပြုလုပ်ခဲ့သော PDF ၂ ဦးအား ဧပြီ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ KNLA တပ်မဟာ(၆)၊ ရင်း(၁၆)မှ ဒုခွဲမှူးအဆင့်ရှိ ချနေလား၏ စေခိုင်းချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ တလက်ခွကျေးရွာနေ အာကာမင်း နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်နေ အောင်မျိုးထက် တို့ ၂ ဦးသည် သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီးရန်အတွက် ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာမှ ဧပြီ ၁၇ ရက် နံနက် ၉ နာရီခန့်တွင် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့ပြီး ရေကစားမဏ္ဍပ်အနီး၌ အခြေအနေ စောင့်ကြည့်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် အာကာမင်းက လက်ပစ်ဗုံး အား ဘောင်းဘီအိတ်အတွင်းမှ ပစ်ခတ်ရန်ထုတ်ယူစဉ် လက်ပစ်ဗုံး၏ လုံခြုံရေးပင်မှာ ဘောင်းဘီအိတ်အတွင်း ပြုတ်၍ကျန်ရှိခဲ့သဖြင့် လက်ပစ်ဗုံးကို လမ်းဘေးရေမြောင်း အတွင်းသို့ ထိတ်လန့်စွာဖြင့် လွှင့်ပစ်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါ ၂ ဦးအား ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးရမိသူများ၏ ပြောကြားချက်အရ သံဖြူဇရပ်မြို့နယ်၊ သက္ကောကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၃၀၀ ခန့်အကွာရှိ လျှိုအတွင်း၌ လက်လုပ်မိုင်း ၃ လုံး သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့နှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ လက်လုပ်မိုင်း ၃ လုံးအား သိမ်းဆည်းရမိခဲ့ပြီး ၎င်းနေရာ၌ပင် ဖောက်ခွဲဖျက်ဆီးရှင်းလင်းခဲ့ကြောင်း၊ ထို့နောက် အဆိုပါနေရာမှပြန်လည်ထွက်ခွာလာစဉ် ဖမ်းဆီးရမိအကြမ်းဖက်သမား ၂ ဦးက ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လန့်ပစ်ခတ်တားဆီးခဲ့သော်လည်း ရပ်တန့်ခြင်းမရှိသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၂ ဦးသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်ဟု သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမား ၂ ဦးသေဆုံးမှုနှင့် ပတ်သက်၍ ဉပဒေနှင့်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ ရုပ်အလောင်းများအား သံဖြူဇရပ်မြို့ နယ်၊ ဝဲကလိကျေးရွာသုဿာန်၌ ကောင်းမွန်စွာ မီးသင်္ဂြိုဟ် ပေးခဲ့ကြောင်း သတင်းရရှိသည်။