၁၈. ၄. ၂၀၂၃
Translated by Htwe Ko Tun
စပိန်အမျိုးသမီးတစ်ဦးက မြေအောက် ၂၃၀ အနက်ရှိ လိုဏ်ဂူတစ်ခုအတွင်း တစ်ဦးတည်း တစ်နှစ်ခွဲခန့် နေထိုင်ခဲ့ပြီးနောက် ဧပြီလ ၁၄ ရက်က မြေပေါ်သို့ ပြန်လည်ထွက်ရှိလာခဲ့မှုတစ်ရပ် စပိန်နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘီးထရဇ် ဖလာမီနီ ဆိုသည့်အဆိုပါအမျိုးသမီးက တောင်တက်သမားတစ်ဦးလည်းဖြစ်ကာ ရက် ၅၀၀ ကြာ လိုဏ်ဂူထဲတွင် တစ်ဦးတည်းနေထိုင်မည်ဟု ဆုံးဖြတ်ချက်ဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်က လိုဏ်ဂူအတွင်း စတင်ဝင်ရောက်ခဲ့ခြင်းဟု သိရသည်။ ၎င်းအားသိပ္ပံပညာရှင်အုပ်စုတစ်စုက ကြီးကြပ်ကွပ်ကဲလျက်ရှိကာ တစ်ဦးတည်းနေထိုင်ခြင်းကြောင့် လူ့ခန္ဓာကိုယ်နှင့် စိတ်တို့အပေါ် သက်ရောက်မှုများအား လေ့လာစူးစမ်းရန် သုတေသနပြုခဲ့ကြခြင်းဟုဆိုသည်။
လိုဏ်ဂူအတွင်း စတင်ဝင်ရောက်စဉ်က ဖလာမီနီမှာ အသက် ၄၈ နှစ်ရှိပြီး မြေပေါ်သို့ ပြန်လည်ထွက်ရှိလာချိန်တွင် အသက် ၅၀ နှစ်ရှိပြီဖြစ်သည်။ လိုဏ်ဂူမှထွက်ရှိလာပြီးနောက် ဖလာမီနီက ဆရာဝန်များနှင့် တွေ့ဆုံခဲ့ကာ သတင်းထောက်များနှင့်တစ်နာရီနီးပါး တွေ့ဆုံမေးမြန်းမှုပြုခဲ့သည်။ ဂူထဲတွင် တစ်နှစ်ခွဲခန့် တစ်ဦးတည်းနေထိုင်ခဲ့စဉ်အတွင်း ဖလာမီနီက စာဖတ်ခြင်း၊ ပုံဆွဲခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ သိုးမွေးကဲ့သို့ အမွေးထူဦးထုပ်များထိုးခြင်းနှင့် ဘက်စုံသုံးနိုင်သော GoPro ကင်မရာများဖြင့် ၎င်းကိုယ်၎င်းမှတ်တမ်းတင်ခြင်းများပြုလုပ်ခဲ့သည်ဟု ပြောခဲ့သည်။
သူမအတွက် အစားအသောက်များကို သူမ၏ အဖွဲ့က နေရာတစ်ခုမှ ပုံမှန်ဖြန့်ဖြူးပေးခဲ့သည်။ ဖလာမီနီကလည်း ၎င်း၏အဖွဲ့အား မြေပေါ်အခြေအနေနှင့်ပတ်သက်၍ ၎င်းထံတစ်စုံတစ်ရာမပြောကြားရန်နှင့် နောက်ဆုံး၎င်း၏မိသားစုဝင်တစ်ဦးဦးသေဆုံးခဲ့လျှင်သော်မျှ ဆက်သွယ်ပြောကြားခြင်း မပြုလုပ်ရန်မှာ ကြားခဲ့သည်။
ဖလာမီနီက လိုဏ်ဂူအတွင်းနေထိုင်ခဲ့စဉ် တိတ်ဆိတ်မှုနှင့် လူသူကင်းမဲ့အထီးကျန်မှုတို့သာ ကြီးစိုးနေခဲ့ပြီး ရံဖန်ရံခါ စိတ်တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ခဲ့ရကြောင်းလည်း ပြောခဲ့သည်။ ၎င်း၏ လိုဏ်ဂူအတွင်းအထီးကျန်စွာ ရက် ၅၀၀ နေထိုင်ခဲ့မှုကြောင့် ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာတို့အပေါ် သက်ရောက်မှုများကို ၎င်းအနေဖြင့် နောက်ထပ် ဂူအောင်းမှု(သို့မဟုတ်)တောင်တက်မှုများမပြုလုပ်မီ ဆရာဝန်များက သေချာစွာစစ်ဆေးသွားမည်ဟု သိရသည်။
Ref—-npr