၁၈. ၄. ၂၀၂၃
Written by Ye Kyaw
SAC အစိုးရအနေဖြင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၆ ဘီလျံသာ ခွင့်ပြုနိုင်ခဲ့သော်လည်း လျှပ်စစ်ကဏ္ဍတစ်ခုတည်းတွင် စုစုပေါင်းပမာဏ၏ ၅၀ ရာခိုင်နှုန်းနီးပါး (ထက်ဝက်)အထိ အများဆုံးခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၆၄၀ ဘီလျံရှိ လုပ်ငန်းပေါင်း ၈၇ ခု ခွင့်ပြုပေးခဲ့ပြီး လျှပ်စစ်ကဏ္ဍတွင် ဒေါ်လာ ၈၂၀ ဒသမ ၂၇၀ သန်းရှိ လုပ်ငန်း ၁၁ ခုအထိ ခွင့်ပြုပေးခဲ့၍ စုစုပေါင်းပမာဏ၏ ၄၉ ဒသမ ၉၉ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်။
ဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၅၀၄ ဒသမ ၁၂၃ သန်းရှိ လုပ်ငန်းပေါင်း ငါးခုခွင့်ပြုပေးခဲ့ပြီး စုစုပေါင်းပမာဏ၏ ၃၀ ရာခိုင်နှုန်းကျော်၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၂၇၁ ဒသမ ၈၆၆ သန်းရှိ လုပ်ငန်းပေါင်း ၆၄ ခု ခွင့်ပြုပေးခဲ့ပြီး စုစုပေါင်းပမာဏ၏ ၁၆ ရာခိုင်နှုန်းကျော်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အစိုးရအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆၄၂ ဒသမ ၀၈၄ သန်းသာ ခွင့်ပြုပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ဝန်ဆောင်မှုကဏ္ဍတွင် အများဆုံးခွင့်ပေးခဲ့ကာ လျှပ်စစ်ကဏ္ဍတွင် ဒေါ်လာသန်း ၂၀ ကျော်သာ ခွင့်ပြုပေးနိုင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် စွမ်းအင်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အိမ်ခြံမြေ၊ ဟိုတယ်နှင့် ခရီးသွား၊ သတ္တုတွင်းထွက်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စက်မှုဇုန်ဖော်ဆောင်ရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှု စသည့်စီးပွားရေးလုပ်ငန်းကဏ္ဍ ၁၂ ခုတွင် အဓိကခွင့်ပြုပေးလျက်ရှိကြောင်း DICA မှ သိရသည်။