၁၈. ၄. ၂၀၂၃
Written by Min Mahar
ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်သို့ ရောက်ရှိလာသည့် PDF အဖွဲ့ဝင် ၄ ဦးက သေနတ်မိုးပေါ်ထောင်ဖောက်ပြီး ဆိုင်ကယ် ၂ စီးနှင့် လက်ကိုင်ဖုန်း ၄ လုံးလုယူသွားမှု ဆိပ်ဖြူမြို့နယ်တွင် ယနေ့မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ဧပြီလ ၁၈ ရက်နေ့ နံနက် ၆ နာရီခွဲလောက်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ တဲကြီးကျေးရွာနေ အသက် ၄၄ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်အတွင်းသို့ PDF အဖွဲ့ဝင် ၄ ဦးက ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်မိုးပေါ်ထောင်ပစ်ကာ နေအိမ်ထဲ၌ရှိသော အုပ်ချုပ်ရေးမှူးပိုင်ဆိုင်သည့် ဆိုင်ကယ် ၂ စီးနှင့်လက်ကိုင်ဖုန်း ၄ လုံးကို ယူဆောင်ပြီး ထွက်ပြေးသွားကာ ၎င်းတို့ရောက်ရှိချိန်တွင် အုပ်ချုပ်ရေးမှူးသည် အပြင်သွားနေ သည်ဟုသိရပြီး လူ၊ တိရစ္ဆာန်ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။
“လာတာတော့ အုပ်ချုပ်ရေးမှူးကို သတ်ဖို့ထင်တာပဲ။ အုပ်ချုပ်ရေးမှူးမရှိတော့ ငါးမရ ရေချိုးပြန်ဆိုသလို သူခိုးဓားပြတွေအတိုင်း အိမ်ထဲမှာထည့်ထားတဲ့ ဆိုင်ကယ် ၂ စီးနဲ့ ဖုန်း ၄ လုံးကို ယူသွားကြတယ်။ တော်လှန်ရေးခေါင်းစဉ်အောက်မှာ သူခိုးဓားပြများဘဝကို ရောက်မှန်းမသိရောက်ကုန်ကြပြီလို့ မြင်မိတယ်” ဟု ဒေသခံတစ်ဦးက ဆိုထားသည်။
အဆိုပါ အခင်းဖြစ်ပွားခဲ့သည့် အုပ်ချုပ်ရေးမှူးနေအိမ်သို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စုံစမ်းမှုများပြုလုပ်ပြီးနောက် လိုက်လံပိတ်ဆို့စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။