၁၈. ၄. ၂၀၂၃
Written by Peya
နာမည်ကျော် စာရေးဆရာမကြီးတစ်ဦးဖြစ်သည့် စိမ့် (ပညာရေး) သည် ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် လူကြီးရောဂါဖြင့်ပင် ကွယ်လွန်သွားခဲ့ကြောင်း ဆရာမကြီးနှင့် နီးစပ်သူများထံက သတင်းရရှိသည်။
ဆရာမကြီး၏ အမည်ရင်းမှာ ဒေါ်တင်စိန်ဖြစ်ကာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ နေအိမ်တွင်ပင် နံနက်အစောပိုင်း ၃ နာရီ အချိန်က ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
ဆရာမကြီးသည် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ မိုးမခမြိုင်၊ (၄၆) ရပ်ကွက်တွင် နေထိုင်ပြီး စာပေများကို ရေးသားနေခြင်း ဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် ဆရာမကြီး၏ ခင်ပွန်းဖြစ်သူ တက္ကသိုလ်စိန်တင် ကွယ်လွန်ခဲ့သည်။
ဆရာမကြီး စိမ့် (ပညာရေး) ကို မော်လမြိုင်မြို့တွင် မွေးဖွားခဲ့ခြင်းဖြစ်ကာ မွေးချင်းခြောက်ဦးအနက် အကြီးဆုံးသမီးဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်ပညာရေးမဟာဌာနမှ ဘီအီးဒီဘွဲ့၊ ၁၉၇၆ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ မဟာပညာရေးဘွဲ့များ ရရှိခဲ့သည်။
၁၉၇၁ ခုနှစ်တွင် ပညာရေးတက္ကသိုလ်သို့ ပြောင်းရွှေ့အမှုထမ်းပြီး ကထိကရာထူးဖြင့် အငြိမ်းစားယူခဲ့ကာ တိုင်းရင်းမေဂျာနယ်၊ ယုဝတီဂျာနယ်၊ သင့်ဘဝမဂ္ဂဇင်းတို့တွင် တင်ဝဇီ(ရွှေမြိုင်) ကလောင်အမည်ဖြင့် ဆောင်းပါး၊ ကဗျာများ ရေးသားခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် စိမ့်(ပညာရေး) ကလောင်အမည်ဖြင့် ဒိုင်းခင်ခင် (ရတနာပုံ နန်းတွင်းလျှို့ဝှက်ဇာတ်လမ်းများ)၊ ပုဂံရွှေရုပ်လွှာ(၁)(၂)၊ ပတ္တမြားငမောက်၊ ရာဇဓာတုကလျာ၊ ကနောင်မင်းသားနှင့် လှိုင်ထိပ်ခေါင်တင်၊ ပန်ထွာဘုရင်မ စသည့် လုံးချင်းဝတ္ထုများ ရေးသားခဲ့ပြီး အိန္ဒိယနီပေါ ဗုဒ္ဓဂယာဓမ္မခရီးသည် စာအုပ်နှင့် တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ စာအုပ်တို့ကို တက္ကသိုလ်စိန်တင်နှင့် တွဲဖက်၍ ရေးသားခဲ့သည်။