၁၈. ၄. ၂၀၂၃
Written By Thandar
Horror ၊ Suspense ၊ Thriller အမျိုးအစား “စာရွက်တံခါး”ရုပ်ရှင်ဇာတ်ကားမှာ မိသားစုကြောင့် စိတ်ဒဏ်ရာရနေခဲ့ပြီး သူ့ဘဝ သူ့မိသားစုနဲ့ လူ့လောကအပေါ် မုန်းတီးရွံရှာနေသူပုံစံ ကေဇာနေရာမှာ ဘုန်းသီရိကျော်နဲ့ ရိုက်ကူးဖန်တီးထားတယ်လို့ ဒါရိုက်တာ ထွဋ်တင့်ထွန်းက MT News ကို ပြောပါတယ်။
“ကေဇာနေရာက လွန်ခဲ့တဲ့ ၃ နှစ်ကျော်ထဲက ကျွန်တော်တို့ ဇာတ်လမ်းစရေးထဲက ဒီနေရာက ဘုန်းသီရိကျော်နဲ့ လိုက်ဖက်မယ်လို့ အစောထဲကတွေးထားတယ်။ သူ့ကို အရင်ရွေးချယ်ထားတယ်။ သူနဲ့ ဇာတ်လမ်းကလည်း ကွက်တိကျနေတာမို့ စရွေးထဲကသိတယ်။ ဆယ်ကျော်သက် မိန်းကလေးတဦး မိသားစုကြောင့် စိတ်ဒဏ်ရာရနေခဲ့ပြီး သူ့ဘဝ သူ့မိသားစုနဲ့ လူ့လောကအပေါ် မုန်းတီးရွံရှာနေသူပုံစံ ကေဇာနေရာမှာ ဘုန်းသီရိကျော်နဲ့ ဖန်တီးထားတာပါ ” လို့ ဒါရိုက်တာ ထွဋ်တင့်ထွန်းက ပြောပါတယ်။
YM Production နဲ့ Majesty Film Studio တို့က လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်လောက်ကတည်းက ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန် Romance နဲ့ Drama ရိုက်ကူးမှုတွေများလာတဲ့အတွက် ကြည့်ရှုတဲ့ပရိသတ်တွေ အပြောင်းအလဲဖြစ်စေမယ့် ထိတ်လန့် ရင်ခုန်စရာဇာတ်လမ်းတွေကို ဖန်တီးဖြစ်တယ်လို့ သိရပါတယ်။
“စာရွက်တံခါး”ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း ပိုင်စိုးသူမောင်က ရေးသားပြီး ဒါရိုက်တာ ထွဋ်တင့်ထွန်းက သရုပ်ဆောင်တွေဖြစ်တဲ့ ဘုန်းသီရိကျော်၊ အာဒံဦး၊ မင်းသူ၊ ဇင်မျိုး၊ ကျော်ထက်၊ သိန်းလင်းစိုး၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ ဆုထက်ကုဋေ တို့နဲ့ ရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို မကြာခင် မြန်မာ တစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။
“Horror ၊ Suspense နဲ့ Thriller ဇာတ်လမ်းအမျိုးအစားလေးပါပဲ။ ဇာတ်လမ်းကတော့ စာအုပ်က ဒီကောင်မလေးဆီကိုရောက်လာတယ်။ ဒီစာအုပ်ကို ဖွင့်လိုက်တာနဲ့ စိတ်ခြောက်ခြားစရာ ထိတ်လန့်စရာတွေ ဖြစ်လာမယ်ဆိုတဲ့ ပုံစံမျိုးလေးပါ။ ဒါကြောင့် ဒီဇာတ်ကားနာမည်ကို Don’t open this book နာမည်လေးပေးထားတယ်။ ဒီ စာရွက်တံခါးကို မဖွင့်မိစေနဲ့။ စာအုပ်လေးတစ်အုပ် အဲဒီကောင်မလေး အိမ်ရောက်လာချိန်မှာ အဖြစ်အပျက်ဆိုးတွေ ဖြစ်လာတယ်ပုံစံ ဇာတ်ကားလေးပါ” လို သူကဆက်ပြောပါတယ်။