၁၈. ၄. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တွင် တရုတ်အစိုးရကိုယ်စားပြု လျှို့ဝှက်ရဲကင်းစခန်းတစ်ခု တည်ထောင်ရာ၌ ပါဝင်ကူညီခဲ့မှုဖြင့် လူနှစ်ဦးအားစွပ်စွဲဖမ်းဆီးခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံရဲတပ်ဖွဲ့နှင့်အတူ ရဲအရာရှိသုံးဒါဇင်ကျော်ကိုလည်း အမေရိကန်ပြည်ထောင်စုအတွင်း တရုတ်အစိုးရဆန့်ကျင်သူများကို နှောင့်ယှက်တိုက်ခိုက်ရန် လူမှုကွန်ရက်ကိုအသုံးပြုမှုတို့ဖြင့် တရားစွဲခဲ့ကြောင်း အမေရိကန်အစိုးရ၊ တရားရေးဝန်ကြီးဌာနက ဧပြီလ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါအမှုများက အမေရိကန်နိုင်ငံ၌ ဒီမိုကရေစီထောက်ခံသည့် တက်ကြွလှုပ်ရှားသူများ၏တည်ရှိမှုနှင့် တရုတ်အစိုးရ၏မူဝါဒများကို ဝေဖန်နေသူများကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ လွန်ခဲ့သော နှစ်များအတွင်း အမေရိကန်အစိုးရ တရားရေးဝန်ကြီးဌာန၏ တရားစွဲဆိုမှုများအနက် တစ်စိတ်တစ်ပိုင်းဟုလည်း ဆိုရမည်ဖြစ်သည်။
ယခုဖမ်းဆီးလိုက်သောလူနှစ်ဦးကလည်း လျှို့ဝှက်ရဲကင်းစခန်းတည်ထောင်ရာတွင် ပါဝင်ခဲ့မှုစွဲချက်နှင့်အတူ တရုတ်အစိုးရအရာရှိတာဝန်ရှိသူတစ်ဦး၏ လမ်းညွှန်မှုနှင့်ထိန်းချုပ်မှုတို့အောက်တွင် လှုပ်ရှားခဲ့သည်ဟုဆိုသည်။ တရားရေးဌာန၏ပြောကြားချက်အရ စုံစမ်းထောက်လှမ်းနေမှုကို ၎င်းတို့က သတိပြုမိခဲ့ပြီးနောက် ၎င်းတို့ဖုန်းရှိ အဆိုပါ တရုတ်အစိုးရအရာရှိနှင့် ဆက်သွယ်ပြောကြားခဲ့မှုများကို ဖျက်သိမ်းခဲ့သည်ဟုလည်း သိရသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ Bronx ရပ်ကွက်နေ အမေရိကန်နိုင်ငံသားများဖြစ်သော အသက် ၆၁ နှစ်ရှိ ဟယ်ရီလူ ဂျင်ဝန်းနှင့် Manhattan ရပ်ကွက်နေ အသက် ၅၉ နှစ်ရှိ ချန်ဂျင်ပင်း တို့ဖြစ်ကြကြောင်းသိရပြီး ၎င်းတို့၏အိမ်များ၌ ဧပြီလ ၁၇ ရက်နံနက်ပိုင်းက ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကိုယ်စား ပြောဆိုလျှောက်လဲမည့်ရှေ့နေများ ရရှိခဲ့ခြင်းရှိမရှိ ရှင်းလင်းစွာ မသိရသေးပေ။
Ref-AP