၁၇. ၄. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံ ပတ္တယားမြို့ရဲတပ်ဖွဲ့သည် ဧပြီ ၁၆ ရက်နေ့က Bang Lamung ပြည်နယ်Takhian Tia ခရိုင်ရှိ အိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းချိန်အတွင်း တရုတ်နိုင်ငံသားများနှင့်အတူ မြန်မာအမျိုးသမီးအိမ်အကူကို ဖမ်းမိခဲ့ကြောင်းသိရသည်။
အဆိုပါနေအိမ်တွင်နေထိုင်သူများသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေသည်ဆိုသော သတင်းကို လက်ခံရရှိခဲ့ပြီးနောက် အိမ်ကို စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ပြီး အိမ်ထဲတွင် အသက် ၂၄နှစ်အရွယ်ရှိ တရုတ်နိုင်ငံသား Li Lili၊ အသက် ၂၅ နှစ်အရွယ်ရှိ Ma Liang ၊ အသက် ၅၆ နှစ်အရွယ်ရှိ တရုတ်အမျိုးသမီး Tingting Wang တို့နှင့်အတူ အသက်၂၀ အရွယ်ရှိ မြန်မာနိုင်ငံသားအိမ်အကူအမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ပတ္တယားမြို့ရဲတပ်ဖွဲ့ကပြောသည်။
အသက် ၂၀ အရွယ် မြန်မာအမျိုးသမီး နန်းရောင်နှင့် တရုတ်နိုင်ငံသား Ma Liang တို့သည် နိုင်ငံကူးလက်မှတ်မရှိကြောင်း Tingting Wang အမည်ရှိတရုတ်အမျိုးသမီးက ဗီဇာသက်တမ်း ၂၄ ရက် ကျော်လွန်နေထိုင်နေခြင်းဖြစ်ကြောင်း
ပတ္တယားမြို့ရဲတပ်ဖွဲ့က ပြောသည်။ မြန်မာအမျိုးသမီးနန်းရောင်သည် ထိုင်းနိုင်ငံထဲသို့ တောလမ်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခဲ့သူဖြစ်ကြောင်း ပတ္တယား အခြေစိုက်သတင်းဌာနများက ဖော်ပြသည်။
နန်းရောင်က ၎င်းကို တရုတ်နိုင်ငံသား Li Lili ဆိုသူက အိမ်အကူလုပ်ရန် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး တစ်လကို ထိုင်းဘတ် ၇၅၀၀ ကျော်ရရှိကာ သုံးလကျော်ကြာ အိမ်အကူလုပ်ခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။ ထိုင်း ပတ္တယားရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံသား Li Lili ကို ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်မှုအပြင် ခွင့်ပြုချက်မရှိဘဲ အလုပ်သမားငှားရမ်းမှုများဖြင့် တရားစွဲဆိုသွားမည်ဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် မြန်မာအိမ်အကူအမျိုးသမီးနှင့် တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အသေးစိတ်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေကိုချိုးဖောက်ပါက နိုင်ငံခြားသားများသည် ငွေဒဏ်၊ ထောင်ဒဏ်အပြင် မိခင်နိုင်ငံသို့ ပြန်ပို့ခြင်း ပြစ်ဒဏ်များကို ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရသည်။