MT News
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ဦးကြွယ်ဟိုးလမ်းရှိ တိုက်ခန်းတစ်ခန်းအတွင်း မိသားစုများခရီးသွားစဥ် တစ်ဦးတည်းအိမ်စောင့်ကျန်ခဲ့ပြီး ပုပ်ပွသေဆုံးနေခဲ့သည့် အမျိုးသားရုပ်အလောင်းအား ဧပြီလ ၁၅ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ပြီး ဧပြီလ ၁၆ ရက်နေ့တွင် မိသားစုများပြန်လည်မရောက်ရှိသေးသဖြင့် ကြည့်မြင်တိုင်အခြေစိုက် ရောင်စဥ်မဲ့ပရဟိတ အသင်းအစီအစဥ်ဖြင့် သင်္ဂြိုလ်ပေးခဲ့ရကြောင်း အဆိုပါအသင်းမှသိရသည်။
ဖြစ်စဥ်မှာ ဧပြီ ၁၅ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ကြည့်မြင်တိုင် ဦးကြွယ်ဟိုးလမ်းရှိ တိုက်တစ်တိုက်၏ ခြောက်လွှာအခန်းမှ အနံ့များထွက်ကာ တိုက်လှေကားခွင်သို့ အပုပ်ရည်များစီးကျနေကြာင်း အောက်ထပ်အခန်းများမှ သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အကူအညီတောင်းခဲ့၍ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှ ပုပ်ပွသေဆုံးနေသည့် အသက် ၄၀ အရွယ် အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိကြောင်း၊ ရုပ်အလောင်းအား သယ်ဆောင်၍ ရင်ခွဲရုံပို့ရန် ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရှိရသည်။
“မိသားစုက ဘုရားဖူးခရီးထွက်သွားတယ်ပြောတယ်။ သူက နေအိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့တာလို့ သိရပါတယ်။အကြိုနေ့ကတောင် အဆက်အသွယ်ရသေးတယ်လို့ သူ့မိသားစုက ပြောတယ်။ ရင်ခွဲ စစ်ဆေးတော့လည်း ဓမ္မတာအတိုင်းသေတာဆိုတော့ ဒီနေ့ သင်္ဂြိုလ်လိုက်ရတယ်။ မိသားစုကတော့ ပြန်မရောက်သေးဘူး။ သေသူက အရက်လည်းသောက်ပုံရတယ်။ အပူဒဏ်နဲ့ပေါင်းပြီး Heat Stroke လို့ယူဆတယ်လို့တော့ စစ်ဆေးချက်ကို ပြောပါတယ်”ဟုရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ကလည်း သာကေတမြို့နယ် သန်လျင်တံတားအိမ်ရာဝန်းအတွင်း တစ်ဦးတည်းနေထိုင်သည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ပုပ်ပွသေဆုံးနေခဲ့ရာ ဘေးအိမ်များမှ အနံ့ထွက်လာသဖြင့် သက်ဆိုင်ရာကိုအကူအညီတောင်းခံခဲ့ရသည့် ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့သေးသည်။