၁၇. ၄. ၂၀၂၃
Written by Naing Thuta
အဲယားကွန်းအပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ပီနံအိတ်ဂိုဒေါင် ၁ လုံးအပါ နေအိမ် ၃ လုံးမီးထဲပါသွားမှု မန္တလေးတွင် ယမန်နေ့ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့(မဟာသင်္ကြန်အတက် နေ့) ညနေ ၅ နာရီ ၂၈ မိနစ်က မန္တလေးတိုင်းဒေသကြီး၊ ချမ်း အေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်၊ အကွက်(၂၆၉)၊ ၈၇ လမ်းနှင့် ၈၈ လမ်းကြား၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ အသက် ၃၁ နှစ်အရွယ်အမျိုးသားတစ်ဦးပိုင်ဆိုင်သော နေအိမ်တစ်အိမ်တွင် အဲယားကွန်း အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ပီနံအိတ်ဂိုဒေါင် ၁ လုံးအပါအဝင် နေအိမ် ၃ လုံးမီးထဲပါသွားကြောင်း မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးစီးကာ မီးသတ်ယာဉ် ၃၅ စီး၊ ရေသယ်ယာဉ် ၁၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၃၀ ဦး၊ ဒေသခံလူမှုကူညီရေးအဖွဲ့များက Level-2 ယာဉ်အုပ်စုတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြရာ ၅ နာရီ ၅၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၆ နာရီ ၃ မိနစ်တွင် မီးလုံးဝငြိမ်းသွား ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ၁၅x၁၅ ပေသွပ်မိုး၊ ထရံကာ၊ မြေစိုက် ၂ ထပ်နေအိမ် ၁ လုံး၊ ၁၆×၁၆ ပေပတ်လည်သွပ်မိုး၊ ထရံကာ၊ မြေစိုက်၂ ထပ်နေအိမ် ၁ လုံး၊ ၁၅×၃၀ ပေနံကပ် ၃ ထပ် အပေါ်ထပ်ပြတင်းပေါက်များ၊ မျက်နှာကြတ်များနှင့် အတွင်း ပစ္စည်းများ၊ ၄၀x၃၀ ပေ သွပ်မိုး၊ သွပ်ကာ ၂ ထပ်ပီနံအိတ်ဂိုထောင် ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ရသဖြင့် အမှတ်(၆)နယ် မြေရဲစခန်းမှ (ပ-၄၉/၂၀၂၃ ) ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရသည်။