၁၇. ၄. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ အလာဘာမားပြည်နယ်အတွင်းရှိ Dadeville မြို့လေးတွင် ဧပြီလ ၁၅ ရက်ညက မွေးနေ့ပွဲပါတီတစ်ခုကျင်းပနေစဉ် သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူလေးဦးသေဆုံး၍ ၂၈ ဦးဒဏ်ရာရခဲ့ပြီး မွေးနေ့ပါတီပွဲမှသည် လူအစုလိုက်အပြုံလိုက်သ-တ်ပွဲအဖြစ်သို့ ရောက်ရှိခဲ့ရကြောင်း အလာဘာမားပြည်နယ်ရဲတပ်ဖွဲ့က ပြောခဲ့သည်။
ပစ်ခတ်မှုက ဧပြီလ ၁၅ ရက် ည ၁၀ နာရီခွဲတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုသို့လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို အတည်မပြုနိုင်သေးကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။ ဧပြီလ ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲ၌ ရဲတပ်ကြပ် ဘာကတ်က “ပစ်ခတ်မှုမှာ ၂၈ ဦးအထိ ဒဏ်ရာရခဲ့ပါတယ်။ သူတို့အနက် တချို့က ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေအနေတွေမှာရှိတယ်။ အာဏာပိုင်တွေကလည်း ပစ်ခတ်မှုဖြစ်ပွားရခြင်းရဲ့အသေးစိတ်ကို စုံစမ်းစစ်ဆေးနေကြပါတယ်” ဟု ပြောခဲ့သည်။
ဧပြီလ ၁၆ ရက် နံနက်ပိုင်းအထိ ဆေးရုံတွင်အနည်းဆုံးသေနတ်ဒဏ်ရာရထားသူ ၁၅ ဦးကိုကုသပေးနေပြီး ၎င်းတို့အနက်အချို့မှာစိုးရိမ်ရကြောင်း ဆေးရုံတာဝန်ရှိသူများကပြောခဲ့သည်။ သတင်းစာရှင်းပွဲ၌ အာဏာပိုင်များကသတင်းထောက်များ၏မေးမြန်းချက်များကို ပယ်ချခဲ့ကြသည်။ သတင်းထောက်များက ပစ်ခတ်မှု၏တရားခံကိုဖမ်းဆီးရမိထားခြင်းရှိမရှိ မေးမြန်းရာ၌လည်း တစ်စုံတစ်ရာဖြေကြားမှုမပြုခဲ့ပေ။ အဆိုပါပစ်ခတ်မှုက လူဦးရေ ၃,၂၀၀ ခန့်သာရှိသော Dadeville မြို့ငယ်လေး အားတုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
ပစ်ခတ်မှုမှာ အသက် ၁၆ နှစ်ရှိ ဆယ်ကျော်သက်လူငယ်တစ်ဦး၏ မွေးနေ့ပါတီအခမ်းအနားတွင် ဖြစ်သောကြောင့် ပစ်ခတ်မှု၌သေဆုံးထိခိုက်ဒဏ်ရာရသူအများစုမှာလည်း ဆယ်ကျော် သက်လူငယ်များ ဖြစ်ကြကြောင်းရဲတပ်ဖွဲ့က ပြောခဲ့သည်။ Philstavious Dowdell ဟုခေါ်သည့် သေဆုံးခဲ့ရသူတစ်ဦးက မွေးနေ့ရှင်၏အစ်ကိုလည်းဖြစ်ကာ Dadeville မြို့ရှိ
စတယ်လာအထက်တန်းကျောင်းလက်ရွေးစင်ဘောလုံးအသင်းဝင်တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
Ref–cbsnews