၁၇. ၄. ၂၀၂၃
Written by Nay Aung
မလေးရှားနိုင်ငံ Batu Feringghi ပြည်နယ် Golden Sand ဟိုတယ်အနီးရှိကမ်းခြေတွင် ဂျက်စကီး(Jet Ski) စီးနေသည့် မြန်မာနိုင်ငံသားတစ်ဦး သင်္ဘောကိုဝင်တိုက်မိကာ ဧပြီ ၁၆ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း မလေးရှားအာဏာပိုင်များကပြောသည်။
မြန်မာနိုင်ငံသားစီးနေသည့် ဂျက်စကီးသည် ကမ်းခြေတွင်ရပ်ထားသော သင်္ဘောကို အရှိန်ဖြင့်ဝင်တိုက်မိရာမှ ထွန်းလင်းအောင်အမည်ရှိ မြန်မာနိုင်ငံသားသည် လည်ပင်းနှင့် မျက်နှာတို့တွင် ဆိုးရွားပြင်းထန်သော ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း Timur Laut ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ တစ်ဦးဖြစ်သူ Supt V. Saravanan က ပြောသည်။
အဆိုပါ မတော်တဆမှုသည် ဧပြီ ၁၆ ရက် ညနေပိုင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ မြန်မာနိုင်ငံသားသည် အသက် ၂၂နှစ်အရွယ်သာရှိသေးကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောသည်။
“ကနဦး စုံစမ်းစစ်ဆေးမှုများအရဆိုရင်တော့ သေဆုံးသူ ထွန်းလင်းအောင်ဟာ ကွာလာလမ်ပူမြို့ရှိ စက်ရုံမှာ အလုပ်လုပ်နေသူဖြစ်တယ်။ ထွန်းလင်းအောင်ဟာ ကွာလာလမ်ပူကနေ Batu Feringghi ပြည်နယ်ကိုလာရောက်ပြီး မြန်မာနိုင်ငံသားတွေနဲ့အတူ သင်္ကြန်ပွဲကျင်းပခဲ့တာဖြစ်တယ်။ ထွန်းလင်းအောင်ဟာ ကမ်းခြေမှာ ဂျက်စကီးကို မလေးရှားရင်းဂစ် ၁၅၀ နဲ့ ငှားရမ်းပြီး တစ်ဦးတည်း စီးနင်းခဲ့ရာကနေ အရှိန်မထိန်းနိုင်ဘဲကမ်းခြေမှာရပ်ထားတဲ့ သင်္ဘောကို ဝင်တိုက်မိခဲ့တာမျိုးဖြစ်တယ်။ အဲဒီအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိသူတွေဟာ ထွန်းလင်းအောင်ကို ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပြီး ပီနန် ဆေးရုံကို ပို့ခဲ့တယ်” ဟု မလေးရှားရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
စုံစမ်းစစ်ဆေးမှုများအရ မြန်မာနိုင်ငံသား ထွန်းလင်းအောင်သည် ဂျက်စကီးကို စီးနင်းချိန်အတွင်း အရက်အလွန်အကျွံသောက်သုံးထားကြောင်း Timur Laut ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။ ထို့အပြင် ထွန်းလင်းအောင်၏မိတ်ဆွေမြန်မာနိုင်ငံသားများကလည်း အရက်သောက်ပြီး ဂျက်စကီးစီးနင်းခဲ့ခြင်းကို ဝန်ခံပြောဆိုထားကြောင်း သိရသည်။
Ref—- thesundaily