◾အကြမ်းဖက်မှုရှိနေသည့်တိုင်းပြည်များ တိုးတက်မှုနှောင့်နှေးမည်
၁၇. ၄. ၂၀၂၃
Written by Tha Doe
ထုတ်ကုန်များပိုမိုတင်ပို့နိုင်ရန် ပြည်သူများ ပိုမိုကြိုးပမ်းဆောင်ရွက်ပါက ယခုနှစ်တွင် ယခင်နှစ်များထက် စီးပွားရေးတိုးတက်မှုအား ပိုကောင်းလာမည်ဟုအပြည့်အဝယုံကြည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ပြောကြားသည့် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
” ကျွန်တော်တို့ နိုင်ငံသားတွေ ကျန်းမာပြီး အသက်ရှင် ရပ်တည်နိုင်ရေးအတွက် စားရေရိက္ခာဖူလုံရေးဟာ အရေးကြီးပါတယ်။ စားရေရိက္ခာဖူလုံရေးအတွက် ကျွန်တော်တို့နိုင်ငံသားတွေရဲ့အဓိကအသက်မွေးမြူရေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အမျိုးသားရေးရည်မှန်းချက်အဖြစ်ချမှတ်ကာ အားပေးမြှင့်တင်ဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအကြပ်အတည်းများ ရှိခဲ့ းပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ပြည်တွင်းအားတွေ စုစည်းမှုကောင်းလာသောကြောင့် ကုန်ထုတ်လုပ်မှုတွေ ကောင်းမွန်လာပါတယ်။ နယ်စပ်ကုန်သွယ်မှုတွေကို အတိုင်းအတာတစ်ခုအထိ ဖွင့်လှစ်လာနိုင်ခြင်းတွေကြောင့် လုပ်ငန်းတွေပြန်လည် လည်ပတ်လာနိုင်ပြီး နိုင်ငံ့ရဲ့စီးပွားရေးဟာ အနုတ်လက္ခဏာမှ အပေါင်း ၃ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့ပါတယ်။ စီးပွားရေးမြှင့်တင်မှုတွေဆောင်ရွက်ရာမှာ ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်ရန်လိုအပ်ပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အားပေးခြင်းဟာ နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားပေးခြင်းဖြစ်ပါတယ်။ MSME လုပ်ငန်းတွေကို အားပေးဆောင်ရွက်လျက်ရှိပါတယ်။ ထုတ်ကုန်တွေ ပိုမိုတင်ပို့နိုင်ဖို့ ကျွန်တော်တို့ပြည်သူတွေက ပိုမိုကြိုးပမ်းဆောင်ရွက်ခဲ့ရင် ဒီနှစ်ဟာ ယခင်နှစ်တွေကထက် စီးပွားရေးတိုးတက်မှုအား ပိုကောင်းလာမယ်လို့ ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်။ မိသားစုတစ်ခုရဲ့ အသက်ဟာ မိသားစုစိတ်ဓာတ်ဖြစ်သလို ပြည်ထောင်စုတစ်ခုရဲ့ အသက်ဟာလည်း ပြည်ထောင်စုစိတ်ဓာတ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး မှီခိုရှင်သန်ရာ ပြည်ထောင်စုရဲ့ အရိပ်အာဝါသကို အသက်သဖွယ် မြတ်နိုးတန်ဖိုးထားပြီး စုပေါင်းဆောင်ရွက်ကြရင် နိုင်ငံ့တိုးတက်မှု အရှိန်အဟုန်ကောင်းတွေဟာ ရပ်တန့်နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ သွားလိုတဲ့ပန်းတိုင်ကို မဖြစ်မနေ ရောက်ရှိမယ်လို့ ယုံကြည်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် တိုင်းပြည်ငြိမ်းချမ်းမှုရှိရေး မဖြစ်မနေ လိုအပ်ပြီး အကြမ်းဖက်မှုဖြစ်စဉ်များရှိနေသည့် တိုင်းပြည်များသည် တိုးတက်မှု နှောင့်နှေးနေမည်ဖြစ်ကြောင်းနှင့် တိုင်းပြည်နှင့် ပြည်ထောင်စုအကျိုးကိုကြည့်ပြီး သမာသမတ်ရှိစွာ၊ ရိုးသားမှုရှိစွာ ညှိနှိုင်းဆောင်ရွက်ကြိုးပမ်းအားထုတ်မည်ဆိုပါက “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward to Achieve Our Goal” ဆိုသည့်အတိုင်း နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှု မလွဲမသွေ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
“လူပုဂ္ဂိုလ်တစ်ဦး အောင်မြင်တိုးတက်ဖို့ဆိုတာ အသိပညာ၊ အတတ်ပညာ ကြွယ်ဝမှုပေါ်မှာ တည်ပါတယ်။ ဒါဟာ လူတိုင်းအတွက် “ပညာ” တတ်မြောက်မှု လိုအပ်တယ်ဆိုတာ ဖော်ပြတာပါ။ ဒါကြောင့် ကျောင်းနေအရွယ်တိုင်း အတန်းပညာ မြင့်မားရေးကို အမျိုးသားရေးစိတ်ဓာတ်နဲ့ ဆောင်ရွက်ကြခြင်းဖြင့် တိုင်းပြည် သာယာ ဝပြောမှု အကျိုးရလဒ်ကို ရရှိစေပါလိမ့်မယ်။ မည်သည့်ကိစ္စမဆို လူသာလျှင်အရေးကြီးဆုံးဖြစ်ပါတယ်။ လူသာလျှင် ပဓာန ဖြစ်ပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ ကိစ္စရပ်တွေ အားလုံးမှာ လူပါဝင်ဆောင်ရွက်ရတာဖြစ်ပါတယ်။ လူရဲ့ ဦးဆောင်မှု၊ လူရဲ့ လိုက်နာ ဆောင်ရွက်မှု၊ လူရဲ့ ပြုပြင်ဖန်တီးမှုတို့ဟာ အဓိကကျပါတယ်။ ကျွန်တော်တို့အားလုံး ကျရာကဏ္ဍကနေ မိမိတို့ရဲ့အလုပ်ကို စိတ်ပါလက်ပါ ချစ်မြတ်နိုးစွာ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ရည်မှန်းထားတဲ့ နိုင်ငံရဲ့အောင်မြင်မှုဟာ မလွဲမသွေရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုလို ကျက်သရေမင်္ဂလာရှိတဲ့ ၁၃၈၅ ခုနှစ်၊ နှစ်သစ်ဦး အချိန်ကာလ အခါသမယမှာ နှစ်ဟောင်းရဲ့အားနည်းချက်ကိုပြုပြင်၊ အားသာချက်တွေကို မြှင့်တင်ပြီး နိုင်ငံ့အကျိုးအတွက် ပေးဆပ်သယ်ပိုးဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။