MT News
၁၇. ၄. ၂၀၂၃
မြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်ဖြစ်သည့် ယနေ့ ဧပြီ ၁၇ ရက်တွင် သီရိလင်္ကာနိုင်ငံသား ၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသော အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အင်းစိန်ဗဟို အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် သီရိလင်္ကာနိုင်ငံသား ၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ” နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်။
အဆိုပါ သီရိလင်္ကာနိုင်ငံသား ၅ ဦးမှာ (၁) Mr. R.R. GAMINI (၂) Mr. M.M.R.D. DILSHAN (၃) Mr. L.S.J NANAYAKKARA (၄) Mr. V.G.LR KUMARA နှင့်( ၅ ) Mr. L.H.N KARUNASINGHE တို့ဖြစ်ကြောင်း သိရသည်။
SAC ဥက္ကဋ္ဌသည် ယနေ့ကျရောက်သည့် နှစ်ဆန်းတစ်ရက်တွင် သီရိလင်္ကာနိုင်ငံသား ၅ ဦးအပြင် နိုင်ငံခြားသားအကျဥ်းသား ၉၈ ဦးနှင့် နိုင်ငံသားအကျဥ်းသား ၃၀၁၅ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့သည်။