MT News
၁၇. ၄. ၂၀၂၃
မြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်ဖြစ်သည့် ယနေ့ ဧပြီ ၁၇ ရက်တွင် နိုင်ငံခြားသားအကျဥ်းသားများအပါအဝင် အကျဥ်းသား ၃၁၁၃ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်း ထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ ၃ဝ၁၅ ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ” နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/သူ ၉၈ ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ” နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီးပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်းလည်း သိရှိရသည်။
ပြီးခဲ့သည့် စိန်ရတုလွတ်လပ်ရေးနေ့တွင် အကျဥ်းသား ၇၀၁၂ ဦး ပြန်လွှတ်ပေးခဲ့ပြီး SAC နှစ်နှစ်သက်တမ်းအတွင်း အကျဥ်းသား ၆၆၄၀၂ ဦး ပြန်လွှတ်ပေးခဲ့သည်ဟုလည်း သိရှိရသည်။