၁၆. ၄. ၂၀၂၃
Written by Nay Aung
အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရေး တရုတ်နိုင်ငံနှင့် စေ့စပ်ဆွေးနွေးရန် ပြင်ဆင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးဖြစ်သူ ဒဲရက်ချိုလက်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ဒဲရက်ချိုလက်သည် ပြီးခဲ့သောရက်ပိုင်းက စင်ကာပူအခြေစိုက်သတင်းဌာနနှင့် အင်တာဗျူးတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းက အမေရိကန်နိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှု ၊ မြန်မာ့နိုင်ငံရေးကိစ္စများကို ဖြေရှင်းနိုင်ရန်အတွက် တရုတ်နိုင်ငံနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောသည်။
အမေရိကန်အစိုးရသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အခြေအနေများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် စေ့စပ်ဆွေးနွေးရန် ပြင်ဆင်နေသော်လည်း တာဝန်ရှိသူများသည်တရုတ်အစိုးရနှင့်ဆွေးနွေးရာတွင် အဓိကခေါင်းစဉ် ပုံစံမျိုးဖြင့် ဆွေးနွေးရန်ကံကောင်းခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း ဒဲရက်ချိုလက်က ပြောသည်။
ဒဲရက်ချိုလက်က” ကျွန်တော်တို့နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ပတ်သက်ပြီး အကျိုးစီးပွားချင်းတူညီတယ်လို့ ယူဆပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကြား တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိနေတာမျိုး မပြောဖြစ်ခဲ့ဘူး။ ကျွန်တော်တို့ဟာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုတွေကို ပိုမိုပွင့်လင်းစွာလုပ်ဆောင်ဖို့ ဆန္ဒရှိနေပါတယ်”ဟုဆိုသည်။
အမေရိကန်အစိုးရသည် နစကအတွက် ငွေကြေးရရှိမှုများကို ကန့်သတ်နိုင်ရန် မြန်မာနိုင်ငံပိုင် ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းကို ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ရန်စဉ်းစားနေကြောင်း အဆိုပါကိစ္စနှင့်တိုက်ရိုက်နီးစပ်သူများက ပြောသည်။
ဒဲရက်ချိုလက်က ” ကျွန်တော်တို့ဟာ မိတ်ဖက်အဖွဲ့စည်းများနဲ့ အဆက်မပြတ်ဆွေးနွေးပြောဆိုနေပြီး လေ့လာစောင့်ကြည့်နေပါတယ်”ဟုဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအထူးအကြံပေးဖြစ်သူ ဒဲရက်ချိုလက်သည် စင်ကာပူနိုင်ငံကိုရောက်ရှိနေချိန်အတွင်း စင်ကာပူအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးသွားဖွယ်ရှိနေကြောင်းသိရသည်။ ဒဲရက်ချိုလက်သည် မြန်မာ့နိုင်ငံရေး အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်စား ကြားဝင်ဆောင်ရွက်နေသူဖြစ်ရာ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအပါအဝင် အာဆီယံဒေသအတွင်းရှိ နိုင်ငံများ၏ခေါင်းဆောင်အချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သလို အတိုက်အခံအုပ်စုဖြစ်သော NUG တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း နစက တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိကြောင်း သိရသည်။
Ref—- thestar