၁၅. ၄. ၂၀၂၃
Translated by Htwe Ko Tun
ဂျပန်ဝန်ကြီးချုပ်ဖူမီအို ကီရှီဒါက ၎င်း၏ ဂျပန်နိုင်ငံအနောက်ပိုင်းခရီးစဉ်အတွင်း ဝါကာရာမာမြို့၌ ဧပြီလ ၁၅ ရက် နံနက်တွင် ရွေးကောက်ပွဲမဲဆွယ်မိန့်ခွန်းပြောရန်ပြင်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ထုလုံးပုံအရာဝတ္တုတစ်ခုနှင့်ပစ်ပေါက်ခံခဲ့ရကြောင်းသိရသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ဝန်ကြီးချုပ်မှာ ထိခိုက်ဒဏ်ရာရမှုတစ်စုံတစ်ရာမရရှိခဲ့ဘဲ ထိုဖြစ်ရပ်က ရွေးကောက်ပွဲမဲဆွယ်မှုတစ်ရပ်၌ပင် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ပစ်ခတ်လုပ်ကြံခံရပြီးနောက် တစ်နှစ်မပြည့်ခင်မှာပင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်က ပေါက်ကွဲမှုဖြစ်ပွားပြီးလျှင်ပြီးချင်းပင် ထိုနေရာမှကားဖြင့် အလျင်အမြန်ထွက်ခွာသွားခဲ့သည်။ ၎င်းအနေဖြင့် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အမတ်လောင်းတစ်ဦးအဖြစ် ရွေးကောက်ပွဲမဲဆွယ်မိန့်ခွန်းကို တံငါမြို့လေးတစ်မြို့ဖြစ်သည့် ဝါကာရာမာမြို့၌ ပြောကြားခြင်းမပြုမီလေးတွင် ဤသို့ဗုံးဖြင့်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ ထောက်လှမ်းမှုသတင်းများအရ ဟိုဂျိုမဲဆန္ဒနယ်အတွင်းနေထိုင်သည့် အသက် ၂၄ နှစ်ရှိ ရူဂျီ ကီမူရာ ဆိုသူကို ရဲတပ်ဖွဲ့က ပေါက်ကွဲမှုဖြစ်သည့်နေရာ၌ပင် ဖမ်းမိခဲ့သည်ဟုဆိုသည်။
အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ဟီရိုကာဇူ မတ်ဆူနိုက “ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံမူပဲ။ ခုလိုအချိန်မှာ ဒီလိုအကြမ်းဖက်မှုမျိုးပြုလုပ်တယ်ဆိုတာ လုံးဝခွင့်လွှတ်နိုင်စရာမရှိပါဘူး” ဟု ပြောကြားသွားခဲ့သည်။
အစိုးရပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် မတ်ဆူနိုက ဖမ်းဆီးရမိထားသော သံသယရှိသူ၏ ဤဗုံးဖြင့်တိုက်ခိုက်မှုကို ပြုလုပ်ရသည့်အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေပြီး ရဲတပ်ဖွဲ့အားလည်း အရေးကြီးပုဂ္ဂိုလ်များ၏လုံခြုံရေးအာမခံနိုင်ရန် ဆောင်ရွက်ပေးရေးတောင်းဆိုထားကြောင်း ပြောခဲ့သည်။
ဗုံးကို လူရာနှင့်ချီသော ပရိသတ်အတွင်းမှ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် ပစ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ကျယ်လောင်လှသော ပေါက်ကွဲမှုကြောင့် လူများကြောက်လန့်တကြားနှင့်ထွက်ပြေးမှုဖြစ်ခဲ့သည်။ဗုံးပေါက်ကွဲမှုအပြီး ဝန်ကြီးချုပ် ကီရှီဒါအား ရဲလုံခြုံရေး အစောင့်အရှောက်များနှင့် ကားဆီသို့ခေါ်ဆောင်သွားခဲ့ကာ ဝါကာရာမာမဲဆန္ဒနယ် ရဲဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
Ref—-Kyodo News