၁၄. ၄. ၂၀၂၃
Written By Thandar
Myanmar Idol ပြိုင်ပွဲမှာ ဒိုင်တစ်ဦးအဖြစ်နဲ့ ပရိသတ်ဆီ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိခဲ့တဲ့ ဒါရိုက်တာ အောင်ကိုလတ်က ၁၉၈၆ ခုနှစ်ကစ သီချင်းမဆိုဖြစ်ပေမဲ့ ၃၇နှစ် အကြာမှာ တစ်ကိုယ်တော်သီချင်းခွေထွက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။
“ဂျပန်ကပြန်လာပြီး သီချင်းဆိုချင်ပေမယ့် မဆိုဖြစ်ခဲ့ဘဲ၂၇ နှစ်ကြာဖြတ်သန်းခဲ့ရတယ်။ Myanmar Idol Season ပြီးတော့ အားပေးကြတဲ့ ပရိသတ်တွေရှိလို့ သီချင်းပြန်ဆိုဖြစ် လာတာပါ။ “လမ်းဆုံ ၊ ဖြူဖြူဘယ်မှာလဲ ၊ ညိုမကိုပြောလိုက်ပါ”အပြင် အသစ်တွေလည်း ပေါင်းစပ်ပြီးတော့ ထွက်ဖို့စီစဥ်နေပါတယ်။ အမြန်ဆုံး သီချင်းတွေထွက်ချင်ပါတယ်။ သီချင်းကတော့ ၁၄ ပုဒ်ပါပါတယ်။ ဒီကာလမှာ ဘယ်လိုမရှုံးအောင် လုပ်ရမလဲလို့ Idea ပေးပါလို့ပြောချင်ပါတယ်”လို့ ဒါရိုက်တာ အောင်ကိုလတ်က ပြောပါတယ်။
သူက လက်ရှိမှာ ဥက္ကာဦးသာ Studio နဲ့ အောင်ကိုလတ် Studio ပေါင်းဖက်ပြီး တေးသီချင်းတွေ တီးခတ် အသံသွင်းနေတယ်လို့ သိရပါတယ်။ အောင်ကိုလတ်ဟာ ၁၉၇၁ – ၇၂ ခုနှစ်က မြင်ဆရာဖြစ်သူ ကိုစိုးပိုင် ၊ မောင်ငြိမ်းချမ်းတို့နဲ့ “အချစ် ဟောင်းရဲ့ လက်ထပ်မင်္ဂလာပွဲ” အခွေထုတ်ခဲ့ကြသလို တော်မီကျော်နိုင် ၊ မြန်မာပြည်သိန်းတန်တို့နဲ့ သီချင်း ၃ ပုဒ် စီစဥ်ခဲ့တယ်လို့ဆိုပါတယ်။ တခြားအဆိုရှင်တွေနဲ့ အတူ ဂီတလမ်းကြောင်းကို အခက်အခဲများစွာနဲ့ ဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၈၆ခု နှစ်ကနေစပြီး သီချင်းမဆိုဘဲ ကြားထဲမှာ စန္ဒီမြင့်လွင်နဲ့ တစ်ပုဒ်သာဆိုခဲ့တာလည်းဖြစ်ပါတယ်။
“အနုပညာနဲ့ ပတ်သက်ရင် အားလုံးချစ်တယ်။ သဘောကျလို့ အားလုံးဝင်လုပ်ကြည့်ဖြစ်တယ်။ ဂစ်တာကိုလည်း လမ်းဘေးမှာ တီးရင်းနဲ့ အဆိုတော်ဖြစ်လာတယ်။ အလုပ်တစ်ခုကို ချစ်ရင် အဲဒီအလုပ်နဲ့ ဆက်နွှယ်တဲ့ အလုပ်တွေအကုန် ချစ်စရာ ကောင်းလာမှာပါ။ ကျွန်တော် ဂျပန်ကို သွားထဲက တီးချင်မှုတ်ချင်လို့ သွားခဲ့တယ်။ ဟိုရောက်တော့ ပန်းကန်ဆေးပြီး ၄ နှစ်လောက်ကျောင်းတွေတက်ပြီး စုတ်ပြတ်နေခဲ့တယ်။ လောကကြီးက ဒါပါ့လား လို့လည်း သဘောပေါက်သွားတယ်။ ပန်းကန်ဆိုတာ ပြောင်အောင်ဆေးရတယ်။ အိမ်သာလည်း ပြောင်အောင် ဆေးရတယ်”လို့ သူကဆက်ပြောပါတယ်။
လက်ရှိမှာ လွန်ခဲ့တဲ့ ၂၇ နှစ် ကာလက အိပ်မက်မက်ခဲ့တဲ့အတိုင်း MIFA (Myanmar International Film Academy ) ကျောင်းကို ၂၀၂၂ ခုနှစ်အတွင်း တည်ထောင်ထားသလို ဒီကျောင်းနဲ့ပတ်သက်ပြီးလည်း” ဒီကျောင်းကို တည်ထောင်ချင်တာ ကြာပါပြီ။ အလုပ်များတာရယ်၊ မပြည့်စုံတာရယ် ပံ့ပိုးမူ နည်းနေတာကြောင့် မလုပ်ဖြစ်တာပါ”လို့ လည်း ပြောပါတယ်။