၁၃. ၄. ၂၀၂၃
Writer & Photo Naing Thuta
၁၃၈၄ ခုနှစ်၊ တခူးလပြည့်ကျော် ၉ ရက်၊ မဟာသင်္ကြန်အကြိုနေ့ (ဧပြီလ ၁၃ ရက်နေ့ ) ညနေ ၅ နာရီ ၁၅ မိနစ်တွင်မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးရုံးဝန်းအတွင်းရှိသော မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် မဟာသင်္ကြန်အကြိုနေ့ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ရာ “မင်္ဂလာစည်တော်”အဖွဲ့မှ အောင်စည်တော်သီချင်းဖြင့် သီဆိုပေးပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းစည်ပင်သာယာ ရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းတို့မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ မိုးပျံပူပေါင်းများလွှင့်တင်ပေးခြင်း၊ မြို့မငွေငန်းအလှပြကားဖြင့် ကပြဖျော်ဖြေပေးခြင်းနှင့် ယိမ်းသမလေးများမှ ကပြဖျော်ဖြေပေးကြခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
” အခုလိုမြန်မာ့ရိုးရာနဲ့အညီ မဟာသင်္ကြန်ပွဲတော်ကို စည်စည် ကားကားနဲ့ ပြန်လည်ကျင်းပနိုင်တာကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကိုဗစ်ရောဂါစဖြစ်ပြီးမကြာဘူး နိုင်ငံရေးပဋိပက္ခကြီးလည်းဖြစ်တော့ ၂၀၂၀ ကတည်းကဆိုရင် လေးနှစ် မြောက်မှ အရင်ကလိုပြန်ပြီးတော့ စည်ကားသိုက်မြိုက်စွာ ပြန်ကျင်းပနိုင်တဲ့အတွက် အများပြည်သူတွေပျော်ရွှင်စွာပါဝင်ဆင်နွှဲနေတာကိုတွေ့ရလို့ အရမ်းကိုပျော်ရွှင်ကြည်နူးမိပါတယ်” ဟု ဖွင့်ပွဲလာဧည့်ပရိတ်သတ်တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါအခမ်းနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီးဝန် ကြီးချုပ်နှင့်တိုင်းအစိုးရဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ယိမ်းအကမယ်လေးများ၊ အနုပညာရှင်အတတ်ပညာရှင်များ၊ ရွှေပွဲလာဧည့်ပရိတ်သတ်များဖြင့် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ မန္တလေးမြို့မှ မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။