၁၃. ၄. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံရှိ လျှပ်စစ်ပစ္စည်း Electronics ထုတ်လုပ်ရေး စက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ ကျော်ကို လျော်ကြေးပေးကာ မိခင်နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။
စမုစခွန်ဒေသ Electronics ပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ အလုပ်ထုတ်ခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၅၇ ဦးကို ထိုင်းအလုပ်သမား ဥပဒေများနှင့်အညီ လျော်ကြေးအဖြစ် တစ်ဦးလျှင် ထိုင်းဘတ် ၁၉၁၄၅ မှ ၉၆၃၆၉ ဘတ်ပေးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားရေးရာရုံးက အလုပ်ထုတ်ခံရသော မြန်မာနိုင်ငံသားများအနက်မှ မိခင်နိုင်ငံသို့ ပြန်ရန်ဆန္ဒရှိနေသူများကို ပြန်ပို့သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံမဲဆောက်မြို့နှင့် နယ်စပ်ချင်းထိစပ်နေသော မြဝတီမြို့သို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ထိုင်းနိုင်ငံရှိ ဖစ်ဘူရီဒေသနှင့် စမုစခွန်ဒေသတို့ရှိ Cal-Comp Electronics စက်ရုံများမှ အလုပ်သမားများ သည် အဆိုင်း ၃ ဆိုင်းဖြင့် လုပ်ကိုင်နေရာမှ ၂ ဆိုင်းဖြင့် လုပ်ကိုင်လိုခြင်းကြောင့် ဆန္ဒပြမှု၊ လူစုဝေးမှုများဖြစ်ပွားခဲ့ရာ မြန်မာအလုပ်သမားအရာရှိရုံးတာဝန်ရှိသူများ အလုပ်ရှင်နှင့် ထိုင်းအစိုးရတာဝန်ရှိသူများ၊ တွေ့ဆုံဆွေးနွေးခဲ့သည်။ အလုပ်သမားများ၏ ဆန္ဒအရ ၂ ဆိုင်းဖြင့် လုပ်ကိုင်ရပါက ၁ ဆိုင်းစာ ဦးရေ လျှော့ချရမည်ဖြစ်ကြောင်း လတ်တလောအခြေအနေအရ အလုပ် သမားအားလုံး အလုပ်ညီမျှစွာ လုပ်ကိုင်နိုင်ရေးအတွက် ၃ ဆိုင်း သို့မဟုတ် ၂ ဆိုင်း ရွေးချယ်ဆန္ဒပြုရာတွင် မျှတစွာစဉ်းစား၍ ဆန္ဒပြုစေလိုကြောင်း၊ ၂ ဆိုင်း ရွေးချယ်ပါက အလုပ်ထုတ်ရမည့် အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများနှင့် မြန်မာအစိုးရတာဝန်ရှိသူများကပြောသည်။
အဆိုပါ စက်ရုံရှိ အလုပ်သမား တစ်သောင်းကျော်၌ ၉၃ ရာခိုင်နှုန်းက အဆိုင်း ၃ ဆိုင်း ဖြင့် လုပ်ကိုင်ရန် ဆန္ဒပြုသဖြင့် အေးချမ်းစွာ ဆက်လက်လုပ်ကိုင်လျှက်ရှိကြောင်းသိရသည်။ထိုအပြင်စမုစခွန်ခရိုင်ရှိ Cal-Comp Electronics စက်ရုံသို့ သွားရောက်ခဲ့ပြီး အလုပ်သမား ၃၄၀၀ ဦးတို့ သည် လက်ရှိအဆိုင်း ၃ ဆိုင်းဖြင့်လုပ်ကိုင်လျှက်ရှိရာ အလုပ်သမားများက အဆိုင်း ၂ ဆိုင်းဖြင့် လုပ်ကိုင်ရခြင်း မရှိပါက ဆန္ဒပြမည်ဖြစ်ကြောင်းကို အလုပ်ရှင်ထံ အသိပေးခဲ့ကြောင်း သိရသည်။ ထို့အတွက်ကြောင့် မြန်မာအစိုးရတာဝန်ရှိသူများ ၊ ထိုင်းအလုပ်ရှင်၊ နှင့် ထိုင်းအစိုးရတာဝန်ရှိသူများသည် ကြားဝင်စေ့စပ်ဆွေးနွေးခဲ့ပြီး၂ ဆိုင်း သို့မဟုတ် ၃ ဆိုင်းဖြင့် လုပ်ကိုင်ခြင်းတို့၏ အားသာချက်၊ အားနည်းချက်များကိုရှင်းလင်းဆွေးနွေးပြီး ဆန္ဒသဘောထားပေးရာတွင် အများအကျိုးရှိစေရေး၊ မည်သူ့တိုက်တွန်းချက်မျှ မပါဘဲ မိမိ ဆန္ဒအတိုင်း ပေးအပ်နိုင်ရေး၊ မျှတစွာစဉ်းစားဆန္ဒပြုနိုင်ရေး အကြုံပြုတိုက်တွန်းခဲ့ပြီး ဆန္ဒသဘောထားကို ကောက်ခံခဲ့ရာတွင် ၂ ဆိုင်းဖြင့် လုပ်ကိုင်ရန် ရွေးချယ်မှု ၈၅ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
သို့သော်လည်း ၂ ဆိုင်းဖြင့် လုပ်ကိုင်မည့်အစီအစဉ်ကိုလက်မခံသူများလည်းရှိနေရာ စမုစခွန်ဒေသရှိ စက်ရုံမှ အလုပ်သမား ၁၀၅၇ ဦး ထုတ်ပယ်ခံခဲ့ရကြောင်းသိရသည်။ အဆိုပါ ထုတ်ပယ်ခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လျော်ကြေးပေးကာ မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Ref—-mgronline