၁၃. ၄. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေပြီး Mytel ဆက်သွယ်ရေးကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားမှုမှ မြန်မာ့ပြည်တွင်းရေး မတည်ငြိမ်မှုများကြောင့် Viettel Global ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံသုံး ဒေါင် ၃၃၆၉ ဘီလျံနီးပါးခန့်အရှုံးပေါ်ခဲ့ကြောင်း ဗီယက်နမ်အခြေစိုက် သတင်းဌာန Markettimes က Viettel Global ကုမ္ပဏီ၏ ရှယ်ယာပိုင်ရှင်များ နှစ်စဉ်အစည်းအဝေးမတိုင်ခင် ထွက်ပေါ်လာခဲ့သော သတင်းအချက်အလက်စာရွက်စာတမ်းများကို ကိုးကား၍ သတင်းဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းရေး မတည်ငြိမ်မှုများကြောင့် ငွေကြေးလဲလှယ်မှုနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းများ မြင့်တက်လာခဲ့ရာ Mytel ဆက်သွယ်ရေးကုမ္ပဏီ၏ အကျိုးမြတ်များအပေါ် သက်ရောက်မှုများရှိခဲ့ကြောင်း သိရသည်။
Viettel Global ၏ ရှယ်ယာပိုင်ရှင်များအစည်းအဝေးကို ဧပြီ ၂၇ ရက်နေ့တွင် ဟနွိုင်းမြို့တွင်ကျင်းပမည်ဖြစ်သည်။ Viettel Global ကုမ္ပဏီဘုတ်အဖွဲ့သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် Mytel ဆက်သွယ်ရေးကုမ္ပဏီ၏ ထုတ်လုပ်မှုများနှင့် စီးပွားရေးလုပ်ဆောင်ချက်များအပေါ် အနုတ်သဘောဆောင်သော သက်ရောက်မှုများကို အကဲဖြတ်သွားဖွယ်ရှိနေကြောင်းသိရသည်။
FATF က အရေးယူမှုပြုပြီးနောက် မြန်မာနိုင်ငံရှိ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးလိုအပ်ချက်များက Mytel ကုမ္ပဏီအတွက် ပြည်တွင်းငွေကြေးကို အမေရိကန်ဒေါ်လာ လဲလှယ်ရန် အခက်အခဲများလည်းရှိနေကြောင်းသိရသည်။ Mytel ဆက်သွယ်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိနေသော ဆက်သွယ်ရေးလုပ်ငန်းလေးခုထဲတွင်ပါဝင်နေပြီး Myanmar National Telecom Holding ကုမ္ပဏီ၊ Star High Public ကုမ္ပဏီနှင့် Viettel Global ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref—- markettimes