၁၁.၄.၂၀၂၃
Translated by Htwe Ko Tun
ဗြိတိန်နိုင်ငံတွင် သောင်းနှင့်ချီသော အငယ်တန်းဆရာဝန်များက အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သို့ ဘဏ္ဍာငွေထောက်ပံ့မှုအပေါ် မကျေနပ်မှုများကြောင့် လေးရက်ကြာဆန္ဒပြမှုကို ဧပြီလ ၁၁ ရက်မှ စတင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အငယ်တန်းဆရာဝန်များက မတ်လ ၁၃ ရက်ကလည်း ပထမအကြိမ်အဖြစ် သုံးရက်ကြာဆန္ဒပြမှုကိုပြုလုပ်ခဲ့ကြသေးရာ နိုင်ငံ၏ကျန်းမာရေးစနစ်ကို ကြီးမားစွာ ထိခိုက်စေခဲ့သည်။ ဗြိတိန်နိုင်ငံတွင် စားဝတ်နေရေးစရိတ်မြင့်တက်မှု အကျပ်အ တည်းနှင့် ရင်ဆိုင်နေရသော လက်ရှိကာလအတွင်း ကဏ္ဍအမျိုးမျိုးမှ အစိုးရဝန်ထမ်းများက လစာများတိုးမြှင့်ပေးရေးအတွက် ဆန္ဒပြမှုများပြုလုပ်လျက်ရှိကြရာ အငယ်တန်းဆရာဝန်များကလည်း ဒုတိယအကြိမ်အဖြစ် ပါဝင်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
တာဝန်ရှိသူတစ်ဦးကမူ ယခုအကြိမ်လေးရက်ကြာဆန္ဒပြမှုကြောင့် လူနာများအား ကုသမှုပြုရန်ချိန်းဆိုထားမှု ၃၅၀,၀၀၀ ခန့်ကို ရက်ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း ဧပြီလ ၁၀ ရက်ကပြောခဲ့သည်။ မတ်လအတွင်းက ဆန္ဒပြမှု၌လည်း လူနာ ၁၇၅,၀၀၀ ကျော်တို့အား ကုသရန်နှင့် ခွဲစိတ်ရန်ချိန်းဆိုမှုများကို ပယ်ဖျက်ခဲ့ရသေးသည်။
ဆန္ဒပြမှုကိုခေါင်းဆောင်သော ဆရာဝန်များသမဂ္ဂက အငယ်တန်းဆရာဝန်များ၏လစာကို ၂၀၀၈ ခုနှစ်တွင် ၎င်းတို့ရှိခဲ့သောအဆင့်များသို့ ၃၅ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။ အသစ်ခန့်ထားခံရသော အငယ်တန်းဆရာဝန်များဆိုလျှင် လစာ တစ်နာရီလျှင် ၁၄ ပေါင်စတာလင် (၁၇ အမေရိကန်ဒေါ် လာ) သာရရှိကြကြောင်း ဗြိတိသျှဆေးကောင်စီကပြောခဲ့သည်။ သို့သော် ကျန်းမာရေးဝန်ကြီးဌာနကမူ ထိုတောင်းဆိုချက်က လက်တွေ့မဆန်ကြောင်းပြောကြားခဲ့သည်။
ငွေဖောင်းပွမှုက ၁၀ ရာခိုင်နှုန်းခန့်မြင့်တက်ပြီး စားသောက်ကုန်ဈေးနှုန်းနှင့်အပူပေးစနစ်တို့အတွက် ကုန်ကျစရိတ်ကလည်းမြင့်တက်နေချိန်တွင် အစိုးရဝန်ထမ်းများအနေနှင့် ၎င်းတို့ရရှိသောလစာမှာ ကုန်ကျစရိတ်များကိုပေးချေရန် အထူးအခက်အခဲဖြစ်နေကြရသည်။ ထိုအချိန်တွင် အငယ်တန်းဆရာဝန်များအတွက် အလုပ်တာဝန်ပမာဏနှင့် ကုသမှုခံရန်စောင့်ဆိုင်းနေသည့်လူနာများစာရင်းက စံချိန်တင်အောင် မြင့်မားနေကြောင်း သိရသည်။
ဗြိတိန်အစိုးရအနေဖြင့် နိုင်ငံဝန်ထမ်းများ၏ လစာတိုးမြှင့်ပေးရန် လုပ်ငန်းကဏ္ဍအလိုက်ဆန္ဒပြမှုများနှင့်ဆက်တိုက်ကြုံတွေ့ခဲ့ရပြီး ဧပြီလကုန်တွင်လည်း မြို့ပြဝန်ထမ်းများ၏ဆန္ဒပြမှုများနှင့် ထပ်မံကြုံတွေ့ရဖွယ်ရှိရာ ဧပြီလ ၂၈ ရက်တွင် အစိုးရဝန်ထမ်း ၁၃၀,၀၀၀ ကျော် ဆန္ဒပြကြမည်ဖြစ်ကြောင်း သိရသည်။
Ref——-SCMP