၁၂. ၄ .၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် သန်လျင်တံတားအိမ်ရာဝန်း၊ ခရေလမ်းရှိ နေအိမ်တစ်အိမ်တွင် တစ်ဦးတည်းနေထိုင်သည့် အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း ယနေ့ ဧပြီလ ၁၂ရက်နေ့ မနက်ပိုင်းက ရပ်ကွက်နေပြည်သူများမှ အကြောင်းကြားလာသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ကူညီ သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရပ်ကွက်အတွင်းနေထိုင်သူ အိမ်နီးချင်းများမှ အဆိုပါအိမ်မှ အပုပ်နံ့များထွက်ရှိနေကြောင်း ၊ လူကို မမြင်တွေ့ရသည်မှာလည်း ၃၊ ၄ ရက်ခန့်ရှိပြီဖြစ်ကြောင်း၊ ထို့ကြောင့် မသင်္ကာသဖြင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားလာရာ၊ တာဝန်ရှိသူများက တံခါးဖွင့်လှစ်စစ်ဆေးရာမှ ယခုကဲ့သို သေဆုံးနေသည်ကို သိရှိရခြင်းဖြစ်ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက MT News သို့ ပြောသည်။
အဆိုပါတာဝန်ရှိသူက “ပြင်ပဒဏ်ရာမရှိဘဲ သူ့အိပ်ရာမှာ အိပ်လျှက် သေဆုံးနေတာပါ၊ နေထိုင်တဲ့ ရပ်ကွက်ကလည်း ဆိတ်ငြိမ်ရပ်ကွက် ဖြစ်နေတာရယ်၊ နေအိမ်မှာလည်း သူတစ်ဦးတည်း တွေ့ရတယ်။ သေဆုံးနေတာ ခန့်မှန်း ၄ ၊ ၅ ရက်ဝန်းကျင်တော့ ရှိမယ်။ အလောင်းက အတော်ပုပ်ပွနေပြီ။ သေဆုံးသူရဲ့ ရုပ်အလောင်းကို အောင်နိုင်သူလူမှုကူညီရေးအသင်းကားနဲ့ စံပြဆေးရုံရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်”ဟု ဆက်လက်ပြောသည်။