◾အမြန်လမ်းတွင် လမ်းလယ်ဘယ်ရီယာတုံးကိုတိုက်မိပြီး သုံးရက်အတွင်း ငါးဦးသေဆုံးခဲ့ရ
၁၂. ၄. ၂၀၂၃
Written by Tha Doe
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဥ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ဘယ်ရီယာတုံးကို ဝင်တိုက်မိရာမှ တိမ်းမှောက်ပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု ယနေ့နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယနေ့မနက် ၇ နာရီဝန်းကျင်ခန့်တွင် ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင် (၃၀၅/၁) မိုင်တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသည့် Honda Airwave 6J/ 242- ယာဥ်မှာ အိပ်ငိိုက်ကာ လမ်းလယ်ဘယ်ရီယာတုံးများအား တိုက်မိကာ တိမ်းမှောက်ခဲ့သဖြင့် ကားပေါ်လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦးနှင့် ယာဥ်မောင်းအမျိုးသားတို့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ကူညီပေးခဲ့သည့် ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ရန်ကုန်ကနေ မန္တလေးဘက်ကို မောင်းလာတဲ့ကားပါ။ ကားသမားက အိပ်ငိုက်ပြီး လမ်းလည်ဘလောက်တုံးကို ဝင်တိုက်မိတာ။ သူတိုက်မိတာက ပထမဆုံးဘလောက်တုံးဖြစ်နေတော့ ကားက လည်ထွက်ပြီး တိမ်းမှောက်သွားတာ။ လက်ရှိကတော့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရသွားပါတယ်”ဟု ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုဖြစ်စဉ်တွင် ယာဉ်မောင်းမှာ ညပ်နေသဖြင့် ခဲရာခဲဆစ် ကားအတွင်းမှထုတ်၍ လူနာများ၊ သေဆုံးသူများအား နီးစပ်ရာ ပရဟိတအသင်းများ ၊ အမြန်လမ်းရဲတပ်ဖွဲ့ တို့နှင်အတူ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း မိတ္ထီလာမြို့မှ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လမ်းလယ်ဘယ်ရီယာတုံးကိုတိုက်မိပြီး သုံးရက်အတွင် ငါးဦးသေဆုံးခဲ့ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီ ၁၀ ရက် နံနက် ၁၁ နာရီ ၃၀ ခန့်တွင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၂၅/၆ နှင့် ၃၂၅/၇ အကြား Honda Civic အမျိုးအစားယာဉ်တစ်စီးသည် လမ်းဘေးရှိ ဘယ်ရီယာတုံးအား ဝင်ရောက်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားကာ ယာဥ်ပေါ်ပါသုံးဦးစလုံးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။