၁၁. ၄. ၂၀၂၃
Written By Thandar
မကြာခင်ကျရောက်တော့မယ့် မြန်မာလူမျိုးတို့ရဲ့ ချစ်စရာရိုးရာယဥ်ကျေးမူ အတာရေသင်္ကြန်ပက်ဖျန်းမှု နှစ်သစ်နဲ့ပတ်သက်ပြီး အနုပညာရှင်တစ်ချို့ရဲ့ ငယ်ဘဝသင်္ကြန်ဖြတ်သန်းမူ အမှတ်တရအကြောင်းနဲ့ မြန်မာနှစ်သစ်ကူး ဆုတောင်းစကားတွေကို MT News ပရိသတ်တွေအတွက် တင်ဆက်လိုက်ပါတယ်။
အကယ်ဒမီ ဝတ်မှုန်ရွှေရည်
ကစ်ငယ်ငယ်က သင်္ကြန်ရောက်တော့မယ်ဆိုရင် အရမ်းပျော်တာပေါ့။ ကစ်အတွက် ရိုးရာပွဲတွေထဲမှာ သင်္ကြန်ဆို အပျော်ဆုံးပေါ့။ မုန့်လုံးရေပေါ်တွေ လုပ်ကြတယ်။ အိမ်နီးနားချင်းတွေကို ဝေတယ်။ မကြာခင် ရောက်ရှိလာမယ့် နှစ်သစ်ချိန်ခါမှာ ကစ်တို ချစ်ရတဲ့သူတွေ၊ ပရိသတ်တွေ အတာသင်္ကြန်နှစ်သစ်ကစလို့ လာမယ့် နှစ်တိုင်းမှာ ပျော်ရွှင်ပါစေ။ လိုအင်ဆန္ဒတွေလည်း ပြည့်ပါစေ။ နှစ်သစ်မှာလည်း ပျော်ရွှင်ခြင်း၊ ကံကောင်းခြင်း တွေ့ကြုံတွေ့ရပါစေလို့ ဆုတောင်းပေးချင်ပါတယ်။
သရုပ်ဆောင် အောင်ရဲလင်း
သင်္ကြန်ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ဓလေ့လေးတစ်ခုပါ။ သင်္ကြန်မတိုင်ခင်ထဲက အလှူတွေလုပ်ကြတယ်လေ။ သင်္ကြန်ကတော့ ကျွန်တော့်ဘဝထဲက ပျော်ရွှင်စရာပွဲတစ်ခုပါပဲ ။ မိဘတွေကို ကန်တော့။ ဘုရားရေသပ္ပါယ်ကြတယ်။ မင်္ဂလာရှိတဲ့ နှစ်သစ်မှာ ကျွန်တော့် ပရိသတ်တွေ အားလုံးစိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ဝမ်းသာခြင်းအဖြာဖြာနဲ့ ပြည်စုံပြီး ဆန္ဒနဲ့ ဘဝတစ်ထပ်တည်းကျပါစေ။ အစစ၊ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။
မော်ဒယ်လ်သရုပ်ဆောင် ဘုဏ်းသိုက်
ကျွန်တော် သင်္ကြန်မှာ ပထမတော့ ဘုန်းကြီးဝတ်ဖို့ စီစဥ်ထားတာပါ။ ဒါပေမယ့် မေမေရဲ့ ခါးအရိုးကျီးပေါင်းခွဲထားရတော့ ဘုန်းကြီး မဝတ်ဖြစ်တော့ဘူး။ မေမေ့ကို ကြည့်ရှုပေးရမယ်။ သင်္ကြန်မှာ တခြားဘာအစီအစဥ်မှတော့ မရှိပါဘူး။ ပထမ တောင်ကြီးသင်္ကြန် သီချင်းလာဆိုမယ်လို့ တချို့က ပြောနေကြတာတွေရှိတယ်။ တကယ်တော့ ကျွန်တော်သီချင်းမဆိုပါဘူး။ တကယ်လည်း သီချင်းမဆိုဖြစ်ပါဘူး။ နှစ်သစ်ဆုမွန်ကောင်းကတော့ ပရိသတ်တစ်ယောက်ချင်းစီတိုင်း ဒီကာလကြီးမှာ ကိုယ့်ကိုယ်ကိုယ် အရှိကိုအရှိအတိုင်းပဲ လက်ခံပြီး နေ့ရက်တွေကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အဆိုတော် S ခူးဝေ
ငယ်ငယ်က သင်္ကြန်ဆိုရင် မိဘတွေက အပြင်ပေးမထွက်ဘူး။ သူများတွေ ထွက်ရင် အရမ်းအားကျတယ်။ အိမ်ရှေ့မှာ ရေပုံးနဲ့ ရေတွေ ခပ်လောင်းကြတယ်။ ရပ်ကွက်ထဲက လူတွေက ရေပက်တာမကြိုက်ကြဘူးလေ။ ကိုယ်က တစ်ခွက်ပဲလောင်းရသေးတာကို ကိုယ်ခပ်တဲ့ရေနဲ့ ကိုယ့်ကိုပုံးလိုက်လောင်းချခံခဲ့ရတယ်။ ညဘက်မှာလည်း ဗဟိုမဏ္ဌပ်တွေမှာ ဖျော်ဖြေရေးတွေရှိတယ်။ ကိုယ်တို့ ညပိုင်းတွေ ဒီဖျော်ဖြေပွဲတွေ လိုက်ကြည့်တာ ပျော်ဖို့ကောင်းတယ်။ နှစ်သစ်မှာ ချစ်ခင်ရသူအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ။ ရောဂါဘယ ကင်းဝေးကြပါစေ။ လိုအင်ဆန္ဒတွေပြည့်ဝပါစေ။ ရာသီဥတုအရမ်းပူတော့ ကျန်းမာရေးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။
အကယ်ဒမီ ခင်သန်းနု
အန်တီတို့ ငယ်ငယ်က အတာသင်္ကြန်ဆိုတာ မေ့မရအောင်ပါပဲ။ အရွယ်လေးတစ်ခုရောက်လာတော့ သင်္ကြန်မင်းသမီး တစ်ယောက်အနေနဲ့ ဘဝကို တစ်ခါဖြတ်သန်းဖြစ်တယ်လေ။ သင်္ကြန်မှာ မကောင်းတဲ့ အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောသလို သန့်စင်သွားကြပါစေ။ အန်တီက ပရိသတ်တွေကို နှစ်စဥ်ဂါရဝပြုပါတယ်။ ကျန်းမာပါစေ။ ချမ်းသာပါစေ။ စိတ်ကူးစိတ်သန်း အသစ်တွေရရှိပြီး အားလုံးအလိုဆန္ဒပြည့်ဝပါစေလို့ ဆုတောင်းပါတယ်။ ဒီနှစ်လည်း ချစ်ရတဲ့ ပရိသတ်တွေအားလုံး သင်္ကြန်အခါသမယမှာ ပရိသတ်တွေအားလုံး ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေပြည့်ပါစေလို့ ဆုတောင်းပါတယ်။
အဆိုတော် အိအိချွန်
အရင်တုန်းက ငယ်ငယ်က ဖလားလေးနဲ့ ရေတွေပက်ခဲ့ကြတယ်။ ဥပုသ်စောင့်ဖြစ်တယ်။ ဒီဥပုသ်စောင့်လို့ ပြန်ရင် ကလေးတွေ ရေဝိုင်းပက်ကြတာလည်းရှိတော့ ပျော်ဖို့ကောင်းပါတယ်။ အမှတ်တရ သင်္ကြန်ရက်တွေပါပဲ။ ဖေဖေက ဝန်ထမ်းဘဝကလည်း ဝန်ထမ်းအိမ်ရာရှေ့မှာ ရေပိုက်တွေ၊ ရေပုံးတွေချပြီး ဆော့ခဲ့ကြတယ်။ လာတဲ့ ကားက မှန်အလုံပိတ်ထားလည်း ပက်ကြတာပဲ။ အဆိုတော်မဖြစ်ခင် သင်္ကြန်က ပိုပျော်ဖို့ ကောင်းတယ်လို့လည်း မြင်မိတယ်။ အဆိုတော်ဖြစ်ပြီးနောက်ပိုင်းမှာ စင်ပေါ်ကနေ သူများတွေရေပက်တာကို လိုက်ကြည့်ပြီးပဲ ဖျော်ဖြေရတာပေါ့။ ကိုယ်ပျော်ချင်ပေမယ့်လည်း ပျော်လို့ မရဘူး။ စင်ပေါ်မှာ သီချင်းတွေ ဆိုပြနေတာဆိုတော့လေ။ လာမယ့် နှစ်သစ်မှာ ခုနှစ်ရက်သားသမီး အကုန်လုံး ကမ္ဘာသူ ကမ္ဘာသားတွေအားလုံး အတာရေနဲ့အတူ မကောင်းတာတွေ ပါသွားပါစေ။ မင်္ဂလာရှိတဲ့ နှစ်သစ်လည်းဖြစ်ကြပါစေ။ ပျော်ရွှင်စရာ နှစ်သစ်လည်းဖြစ်ပါစေ။ ဒီနှစ်ကတော့ မန္တလေးသင်္ကြန်တေးသီချင်းတွေ ဖျော်ဖြေဖို့ရှိပါတယ်။
အိမ်ထောင်ရှင်အလှမယ် မေသင်းကြည်
မေသင်းတို့ အဖေနဲ့အမေက ဝန်ထမ်းဆိုတော့ ငယ်ငယ်တုန်းက သင်္ကြန်မှာ ယိမ်းတွေကရတယ်။ သင်္ကြန်ယိမ်းတွေကရင် ဒီကာလမှာ ဖြတ်သန်းဖြစ်တယ်။ အပျိုဖော်ဝင်တော့ EDM ပွဲတွေခေတ်စားလာတော့ EDM သင်္ကြန်ကိုလည်း ဖြတ်သန်းဖူးပါတယ်။ မေသင်းကတော့ ၁၂ လ ရာသီပွဲတွေထဲမှာ သင်္ကြန်ကတော့ အပျော်ဆုံးပါပဲ။ ခုခေတ်သင်္ကြန်နဲ့ ရိုးရာသင်္ကြန် ဘယ်ဟာပိုကြိုက်လဲဆိုရင် မေသင်း ရိုးရာသင်္ကြန်ဖြတ်သန်းရတာ ပိုကြိုက်တယ်။ သင်္ကြန်ဆိုရင် အရမ်းပျော်တယ်။ ယိမ်းကတဲ့နှစ်တွေရှိသလို တရားစခန်းဝင်ဖြစ်တဲ့ နှစ်လည်းရှိပါတယ်။ မေသင်းတို့ သင်္ကြန်မပျော်ရတာ ၃ နှစ်ကျော်ပြီဆိုတော့လေ။ ဒီနှစ်သင်္ကြန်မှာ ကုသိုလ်ရေးနဲ့ပဲဖြစ်ဖြစ် မြန်မာ့ရိုးရာသင်္ကြန်လေးကို ထိတွေ့ကြမယ်။ ဒီနှစ်တော့ မေသင်းတို့ ရပ်ကွက်ထဲ အိမ်နီးနားချင်းတွေတော့ မုန့်လုပ်စားကြမယ်။ အဖွဲ့အစည်းနဲ့ ပတ်သက်တာ လိုက်ကူညီပေးတာပဲရှိမှာပါ။ ဒီနှစ်သင်္ကြန်ကစပြီး ခုနစ်ရက်သားသမီးတွေ ဘေးရန်ကင်းရှင်းကြပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းတွေလည်း ပြည့်စုံကြပါစေ။ ကပ်ကြီးသုံးပါးလည်း ကျော်လွှား ရှောင်ရှားနိုင်ကြပါစေ။
အဆိုတော် သဒ္ဒါနန်းထိုက်
သင်္ကြန်မှာ ငယ်ငယ်က အိမ်မှာပဲ နေဖြစ်တာများတယ်။ သဲက အနုပညာအလုပ်ကို အသက် ၈ နှစ်လောက်ထဲက စလုပ်တာမို့ ကလေးဆိုတော့ သင်္ကြန်တွေ သိပ်မဆော့ဖြစ်ဘူး။ သဲ ရေဆော့ကစားတတ်တဲ့အရွယ်မှာ သဲက အနုပညာလုပ်နေရပြီ။ သဲတို့က လမ်းမတန်းမှာနေတာမို့ မဏ္ဍပ်တွေထိုး အလှူလေးတွေလုပ်ဖြစ်ပါတယ်။ နောက်ပိုင်း သဲကို ဖိတ်ကြားလာတဲ့ သင်္ကြန်ပွဲတော်တွေမှာ လိုက်ဖျော်ဖြေပေးဖြစ်ပါတယ်။ ဒီနှစ်ကတော့ အိမ်မှာပဲ အေးအေးဆေးဆေးနေဖြစ်ပါမယ်။ ပရိသတ်တွေ အကုန်လုံးလည်း ကျန်းမာရေးရော၊ လူမူရေးရော စီးပွားရေးပါ အကုန်အဆင်ပြေကြပါစေ။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အဆိုတော် ခင်ရတနာစိုး
ညီမ ငယ်စဥ်က ဖေဖေ့ဇာတိ ဒိုက်ဦးမှာ သင်္ကြန်ကာလမှာ ဆိုင်းပွဲတွေ၊ အလှူပွဲတွေ ထွက်တယ်။ ဖေဖေ ရှိတုန်းက သားအမိသားအဖ သုံးယောက် ပျော်ပျော်ရွှင်ရွှင်ပေါ့။ ဖေဖေက ဆိုင်ကယ်နဲ့ သင်္ကြန်ရေဆော့ဖို့ ပတ်ပို့ပေးတယ်။ အခု ဖေဖေမရှိတော့လည်း သားအမိနှစ်ယောက်ထဲပေါ့။ သင်္ကြန်ကာလမှာ ပွဲလေးတွေ ထွက်လိုက်၊ သီချင်းဆိုလိုက်ပါပဲ။ သင်္ကြန်ဆိုရင်တော့ လွမ်းစရာတွေအများကြီး ပေါ် လာတာပေါ့။ အမှတ်တရတွေလည်း အများကြီးပါပဲ။ သူငယ်ချင်းတွေ ညီအစ်ကို မောင်နှမတွေကို သတိရတယ်။ မေမေက ခါးစတီးလ်ရိုးထည့်ထားလို့ ကြာကြာမထိုင်နိုင်လို့ အိမ်ကနေပဲ ဥပုသ်စောင့်ပါတယ်။ ဒီနှစ်သင်္ကြန်မှာ အားလုံးပဲ စိတ်သစ်ကိုယ်သစ်နဲ့ ပျော်ရွှင်စရာတွေ အများကြီး ကြုံတွေ့ပါစေ။ ကျန်းမာရေးလည်း ဂရုစိုက်ပါ။ စီးပွားရေးလည်း အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။