◾️ထိုပူးတွဲစစ်ရေးလေ့ကျင့်မှုအား ဖိလစ်ပိုင်ပြည်သူများက ဆန့်ကျင်ဆန္ဒပြ
၁၁. ၄. ၂၀၂၃
Translated by Htwe Ko Tun
ဖိလစ်ပိုင်နှင့် အမေရိကန်နိုင်ငံတို့က နှစ်နိုင်ငံတပ်ဖွဲ့ဝင်များ၏ အကြီးမားဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီလ ၁၁ ရက်တွင်ပြုလုပ်ခဲ့ကြရာ ဒေသအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဒေသအတွင်းလွှမ်းမိုးလာမှုကို ပြန်လည်ခုခံရန် ရေရှည်မဟာမိတ်အဖြစ် ရပ်တည်ခဲ့ကြသော နိုင်ငံနှစ်နိုင်ငံ၏ ကြိုးပမ်းမှုအဖြစ် သုံးသပ်ရသည်။
Balikatan ဟု အမည်ပေးထားသော ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အဓိကနှစ်နိုင်ငံမှ တပ်ဖွဲ့ဝင်အင်အား ၁၈,၀၀၀ နီးပါးအထိ ပါဝင်ကြသည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုက တောင်တရုတ်ပင်လယ်ဒေသအတွင်း ကျည်ဆန်နှင့် စစ်လက်နက်ပစ္စည်းကိရိယာအစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ခဲ့သည်။ Balikatan ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ၏ တိုင်ဝမ်ကျွန်းအနီး သုံးရက်ကြာစစ်ဆင်ရေးလေ့ကျင့်မှုများက ဧပြီလ ၁၁ ရက်တွင် ပြီးဆုံးခဲ့ပြီး နောက်တစ်နေ့တွင် စတင်ခဲ့ခြင်းလည်းဖြစ်သည်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဖိလစ်ပိုင်နိုင်ငံမြောက်ဖျား၊ လူဇုန်ကျွန်းကမ်းရိုးတန်းရှိ ကျွန်းတစ်ကျွန်းသို့ စစ်ဘက် ရဟတ်ယာဉ်များ ဆင်းသက်မှုလည်း ပါဝင်သည်။ ထိုနေရာက တိုင်ဝမ်ကျွန်းနှင့်လည်း ကီလိုမီတာ ၃၀၀(မိုင် ၁၈၀) ခန့်သာကွာဝေးကြောင်းသိရသည်။
Balikatan ပူးတွဲစစ်ရေးလေ့ကျင့်မှုက သမ္မတ ဖာဒီနန်မားကို့စ်လက်ထက်တွင် ပထမဆုံးပြုလုပ်သော စစ်ရေးလေ့ကျင့်မှုလည်းဖြစ်သည်။ ဖာဒီနန်မားကို့စ်က သမ္မတတာဝန်ယူပြီးနောက်တွင် အမေရိကန်နှင့်ဆက်ဆံရေးများ ပိုမိုခိုင်မာလာအောင်ပြုလုပ်လျက်ရှိသည်ကိုလည်း တွေ့ရသည်။ လွန်ခဲ့သောလများအတွင်းကလည်း ဖိလစ်ပိုင်နှင့် အမေရိကန်အစိုးရတို့က ပင်လယ်ရေကြောင်းပူးတွဲကင်းလှည့်မှုများ ပြုလုပ်သွားရန် သဘောတူခဲ့ကြသေးရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို များစွာ မကျေမနပ်ဖြစ်စေခဲ့သည်။ သဘောတူညီချက်အရ အမေရိကန်တပ်ဖွဲ့များကို ဖိလစ်ပိုင်ရှိစစ်အခြေစိုက်စခန်းလေးခုကို အသုံးပြုခွင့်ပေးထားခြင်းလည်းဖြစ်သည်။ ၎င်းတို့တွင် တိုင်ဝမ်ကျွန်းနှင့် များစွာမကွာဝေးလှသော ရေတပ်စခန်းတစ်ခုလည်းပါဝင်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ တိုင်ဝမ်ကျွန်းနှင့် နီးကပ်စွာတည်ရှိနေမှုက တရုတ်နိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကိုစိုးရိမ်နေရစဉ်အတွင်း အမေရိကန်၏ အဓိကမိတ်ဖက်တစ်ဦး အဖြစ်သို့လည်း ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။
စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၂,၂၀၀၊ ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၅,၄၀၀ နှင့် ဩစတြေးလျတပ်ဖွဲ့ဝင် ၁၀၀ ကျော် ပါဝင်ကြကာ အမေရိကန်က ၎င်း၏ ပက်ထရီယော့ဒုံးကျည်များနှင့် HIMARS ဒုံးကျည်စနစ်တို့လည်း ပါဝင်ကြမည်ဟု သိရသည်။ အမေရိကန်အနေဖြင့် ဒေသအတွင်း တရုတ်လွှမ်းမိုးမှုကို တွန်းလှန်ရန် ဖိလစ်ပိုင်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ကာ ခိုင်မာသောမဟာမိတ်အဖြစ် ရပ်တည်နိုင်ရန် ကြိုးစားနေသော်လည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုအား ဖိလစ်ပိုင်ပြည်သူများက ဆန့်ကျင်ဆန္ဒပြလျက်ရှိကြကြောင်း သတင်းများကဆိုသည်။
Ref—–Bangkok Post