၁၁. ၄. ၂၀၂၃
Written by Pan Ei
အမေရိကန်ပြည်ထောင်စု၊ Kentucky ပြည်နယ်၊ Louisville မြို့လယ်ရှိ Old National ဘဏ်တွင် အသက် ၂၅ နှစ်အရွယ် သေနတ်သမားတစ်ဦးသည် တနင်္လာနေ့ ဧပြီ ၁၀ ရက် နံနက်ပိုင်းက Live လွှင့်၍ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူငါးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
သေနတ်သမားသည် အဆိုပါ ဘဏ်မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဘဏ်တွင် တစ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့သော်လည်း အလုပ်မှရပ်စဲခံရမည်ဟု သတင်းကြားခဲ့ပြီးနောက် ယခုကဲ့သို့ ပြုမူခဲ့ခြင်း ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးမှုသတင်းရင်းမြစ်တစ်ခုအရ သိရသည်။
သေနတ်သမားသည် ပစ်ခတ်မှုဖြစ်စဉ်ရိုက်ကူးမှုအား အင်စတာဂရမ်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး အဆိုပါ ဗီဒီယိုမှာ ချက်ချင်းပင် ဖယ်ရှားခံခဲ့ရပြီးနောက် ဗီဒီယိုကိုမူ ရဲတပ်ဖွဲ့ဝင်များက လက်ဝယ်ပိုင်ဆိုင်ထားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အစောပိုင်းတွင် သေဆုံးသူ လေးဦးရှိခဲ့ရာမှ ဒဏ်ရာရရှိသူများထဲမှ ငါးဦးသည် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး ထိုသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ဆေးကုသမှုခံယူနေစဉ် တစ်ဦး ထပ်မံ သေဆုံးခဲ့သောကြောင့် သေဆုံးသူ ၅ ဦး အထိရှိလာခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ ယင်းသေနတ်သမားမှာလည်း ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေဆုံးသွားခဲ့သည်။
ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုပေါင်း ၁၄၅ မှုထက်မနည်း ရှိခဲ့ကြောင်း Gun Violence Archive မှ အချက်အလက်များအရ သိရပြီး အဆိုပါပစ်ခတ်မှုမှာလည်း ထူးခြားသော အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့သည်။
Ref; CNN