၁၀. ၄. ၂၀၂၃
Written By Thandar
မြန်မာလူမျိုးတို့ရဲ့ ချစ်စရာရိုးရာယဥ်ကျေးမှုဓလေ့ဖြစ်တဲ့ အတာရေပက်ဖျန်းတဲ့ သင်္ကြန်ကာလကို မကြာခင်မှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးကြတဲ့ အတာသင်္ကြန်ကာလမှာ ပျော်ရွှင်ကြည်နူးစရာ ကုသိုလ်ပြု အလှူအတန်းတွေလုပ်ကြသလို နှစ်ဟောင်းက အညစ်အကြေးတွေကိုလည်း အတာရေနဲ့ ဆေးကြောကြတာလည်း ရှိပါတယ်။ ဒီနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်နဲ့ပတ်သက်ပြီး အနုပညာရှင်တချို့ရဲ့ ရင်တွင်းခံစားချက်နဲ့ နှစ်သစ်ဆုမွန်ကောင်းစကားတွေကို MT News က ဖော်ပြလိုက်ရပါတယ်။
အလှမယ် အိအိအောင်ထွန်း(ခ)မီးမီး
သင်္ကြန်အမှတ်တရကတော့ သမီးက ပုံးနဲ့ ရေလောင်းတော့ ပုံးရော ရေပါတစ်ခါတည်း လွင့်သွားတယ်လေ။ ငယ်ငယ်တုန်းက လက်ကမခိုင်တော့ ပုံးရောရေပါ သူများရဲ့ကိုယ်လုံးပေါ်ထိသွားတယ်။ တောင်းပန်ရတယ်။ သင်္ကြန်အမှတ်တရအနေနဲ့ မေမေက အတာအိုးလေး ပန်းတွေထိုးတယ်။ အိမ်ရှေ့မှာလည်း ဘုရားကို ရေသပ္ပါယ်ပေးတယ်။ ဘုရားကို နံ့သာရေဖျန်းတယ်။ အလှူတွေလည်း လုပ်တယ်။ နေ့လည်လောက်မှာ အဖေနဲ့ အမေကို ခြေထောက်၊ လက် ရေဆေးပေးတယ်။ ပြီးမှ ရေကစားလို့ ရတယ်။ နောက်အမှတ်ရမိတာ ဘုန်းကြီးကျောင်းကို ဘောင်းဘီနဲ့သွားမိလို့ ဘုန်းကြီးက ပြန်တော့မောင်းထုတ်တယ်။ အဲဒီဘုန်းကြီးကျောင်းရှေ့မှာပဲ ငိုခဲ့ရတယ်။ အပြင်မှာထိုင်စောင့်နေရတာကို အခု သတိရနေပါတယ်။ နှစ်သစ်သင်္ကြန်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်နော်။
အဆိုတော် ဖြိုးမြတ်အောင်
အရင်တုန်းက နယ်မှာနေရတော့ ပျော်စရာ အုန်းလက်မဏ္ဍပ်တွေနဲ့ ပျော်စရာ အရမ်းကောင်းခဲ့ပါတယ်။ သင်္ကြန်ရောက်တော့မယ်ဆိုရင် အိပ်မပျော်နိုင်အောင် လက်ချိုးရေနေရတယ်လေ။ စတုဒိသာတွေကျွေးကြတယ်။ ဘုန်းကြီးကျောင်းလည်း အမေနဲ့ လိုက်သွားတယ်။ မေ့မရတဲ့အမှတ်တရတွေပါပဲ။ ခုချိန်မှာ ကျွန်တော်ကို အားပေးနေကြတဲ့ မိဘပြည်သူအားလုံးရော ဒီစာကို ဖတ်ရှုနေသူ မိဘပြည်သူတွေအားလုံးအားလုံးပဲ နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ။ နှစ်သစ်မှာ ဘေးအန္တရာယ်တွေလည်း ကင်းဝေးပါစေ။ ကျွန်တော် အထူးမှာချင်တဲ့ နှစ်သစ်စကားလက်ဆောင်ကတော့ ကံသုံးပါးကို လုံအောင်ထိန်းပါလို့ ပြောချင်ပါတယ်။
သရုပ်ဆောင်တိုင်ရွန်
သင်္ကြန်အမှတ်တရကတော့ ငယ်ငယ်ကပဲ ရှိခဲ့တယ်။ ငယ်ငယ်က သင်္ကြန်မှာ အပြင်အရမ်းကို ထွက်ချင်တာလေ။ အပေါင်း အသင်း သူငယ်ချင်းကလည်း ကျွန်တော့်မှာရှားတယ်။ သင်္ကြန်မတိုင်ခင်ထဲက အဖေနဲ့အမေက ရေသေနတ်တွေ ဝယ်ပေးတယ်။ ခေါင်းစည်းတို့ မျက်မှန်တွေ ဝယ်ပေးထားရင် ပျော်ပြီး တစ်ညလုံးအိပ်မပျော်ဘူး။ တစ်ချိန်လုံး ထုတ်ကြည့်လိုက်၊ ခေါင်းစည်းကြည့်လိုက် နေကာမျက်မှန်ကို တပ်ကြည့်လိုက်နဲ့ မပြီးတော့ဘူး။ အရမ်းလည်း ပျော်တယ်။ တကယ် သင်္ကြန်ကျတော့ အိမ်က ပေးမထွက်ခိုင်းဘူး။ စိတ်တွေ ကောက်ပြီးတော့ ပြဿနာရှာတယ်။ အဖေက စိတ်ကောက်ပြေအောင် စက်ဘီးနောက်တင်ပြီး ရပ်ကွက်ထဲ ပတ်ပို့ပေးတယ်။ ကျွန်တော်လည်း ဝတ်စုံပြည့်ဝတ်ပြီး လည်ရတော့ ကျေနပ်သွားရော။ ကြီးတော့ သင်္ကြန်ကို တစ်ခေါက်မှ အပြင်မရှိဘူး။ အပြင်မထွက်ဖြစ်တော့ပါဘူး။ လူအရမ်းများတဲ့ နေရာသွားတာ သိပ်မကြိုက်တော့ဘူး။ သင်္ကြန်မုန့်တွေ စားရတာလည်း ကြိုက်တယ်။ သင်္ကြန်မှာ ပရိသတ်တွေ မိဘပြည်သူတွေ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။
အဆိုတော် လွှမ်းပိုင်
အရင်နှစ်တွေကတော့ သင်္ကြန်နဲ့ပတ်သတ်ရင် အမှတ်တရတွေကတော့ များတာပေါ့။ သင်္ကြန်သီချင်းတွေ နားထောင်ရတာ ကြိုက်တယ်။ သင်္ကြန်ရောက်ခါနီးရင် ပျော်တာပေါ့။ အခုနောက်ပိုင်းတော့ သင်္ကြန်က မထွက်ဖြစ်တာလည်း ၂ နှစ်လောက်ရှိပြီပေါ့။ ဒီနှစ်သင်္ကြန်မှာ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေ ပြည့်စုံပါစေ ဆုတောင်းပေးပါတယ်။
အကယ်ဒမီ မေသန်းနု
မဆင့်တို့ သင်္ကြန်နားနီးရင်တော့ ခံစားချက်တွေကတော့ ခပ်လှုပ်လှုပ်ဖြစ်လာတယ်။ ဒီနှစ် သင်္ကြန်ကတော့ စည်လိမ့်မယ်လို့လည်း ထင်တယ်လေ။ အားလုံးက ကိုယ့်ရိုးရာသင်္ကြန်ကိုတော့ ဖြစ်စေချင်ကြတယ်။ ကိုယ့် ရိုးရာယဥ်ကျေးမူတွေ လည်း ဖြစ်နေတော့လေ။ ကိုယ့်ရိုးရာသင်္ကြန်မှာ အားလုံး အေးအေးချမ်းချမ်းလေး ဖြတ်သန်းစေချင်ပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။
အကယ်ဒမီ ယွန်းယွန်း
ငယ်ငယ်ထဲက သင်္ကြန်ရောက်တော့မယ်ဆိုရင် ဒီသင်္ကြန်ရဲ့ အငွေ့အသက်တွေ သီချင်းတွေကြားရတာတို သင်္ကြန်ရုပ်ရှင်၊ သင်္ကြန်နဲ့ပတ်သက်တဲ့ Program မြင်တာနဲ့ စိတ်ကစပြီး ပျော်လာတယ်။ သင်္ကြန်မှာ မြန်မာ့ရိုးရာနဲ့ပတ်သက်ပြီး မုန့်လုံးရေ ပေါ်တို့ စတုဒိသာကျွေးတာတွေ အဲဒီလိုမျိုးက စိတ်ကို ကြည်နူးစေတယ်။ ပါဝင်ဆင်နွှဲသူတွေကလည်း နှစ်ဟောင်းကုန်လို့ နှစ်သစ်ပြောင်း Mood လေးကို ယွန်းလည်း သဘောကျပါတယ်။ ငယ်ငယ်တုန်းက အိမ်က သိပ် စိတ်မချလို့ ၉ တန်းလောက်အထိ ရိပ်သာပဲဝင်ခဲ့ရတာပေါ့။ ကြီးလာတော့ ၁ နှစ် ၂ နှစ်လောက်တော့ ကားတွေနဲ့ လည်ဖူးတယ်။ သေချာမဏ္ဍတွေမှာ မထိုင်ဖူးပါဘူး။ တကယ်ပျော်ရမယ့်အချိန်မှာ သင်္ကြန်ကမရှိတော့ပါဘူး။ တိုက်ဆိုင်သွားတာလေ။ မနှစ်ကလည်း အိမ်မှာ ဥပုသ်စောင့်ရင်း ဖြတ်သန်းဖြစ်ပါတယ်။ နှစ်သစ်မှာ ပရိသတ်တွေ စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့ ဆုမွန်တောင်းပေးပါတယ်။
အိမ်ထောင်ရှင်အလှမယ် မေမုဒြာ
ကျွန်မငယ်ငယ်တုန်းက ရွာမှာနေတဲ့သူဆိုတော့ အုန်းလက်လေးတွေနဲ့ လုပ်ထားတဲ့ ရွာသင်္ကြန်မဏ္ဍပ်မှာ မုန့်လုံးရေပေါ်တွေကျွေးတယ်။ ရွာကို ကား၊ နွားလှည်းတွေနဲ့ လာလှည့်ရင် အရမ်းကို ပျော်တာ။ ကိုယ်နဲ့ သိတာမသာ အပထား။ ဝါးလုံးတွေတားပြီး မုန့်လုံးရေပေါ်တွေ အများကြီးကျွေးကြတယ်။ တစ်ယောက်တစ်လှည့် ရေလောင်းကြတယ်။ ဒန်ဖလားတွေနဲ့ရေလောင်းရတာ အမှတ်တရပါ။ အပျိုအရွယ်။ အမေက ရှေးလူကြီးတွေမို့ လျှောက်ပေးမလည်ခိုင်းဘူး။ အပျိုဆိုတော့ လည်ရင်လည်း တုတ်ကြီးနဲ့ရိုက်တာ။ အဲဒီတော့ ဘုန်းကြီး ကျောင်းသွား ဥပုသ်စောင့်ရတယ်။ အမေအိပ်နေရင် ဥပုသ်ယူရင်း အသာလေး ရေထွက်ဆော့တယ်။ သူများရေလောင်းရင် ပျော်တယ်။ အဝတ်တွေ ပုံထားတော့ ရိုက်ခံရတာတော့ အဲဒီအရွယ်က ပျော်စရာ သင်္ကြန်အမှတ်တရပါပဲ။ သင်္ကြန်မှာတော့ အမျိုးသားက မိသားစုအားလုံးဆုံဖို့ ပြန်လာမယ်။ သားကိုတော့ ရဟန်းခံပေးမယ်။ သင်္ကြန်အကျနေ့မှာ မုန့်လုံးရေပေါ် စတုဒိသာကျွေးမယ်။ မြန်မာပြည်ကြီး အညစ်အကြေးတွေ စိတ်ဒုက္ခဆင်းရဲခြင်းတွေ ကင်းဝေးပြီးတော့ ရောဂါတွေလည်း ကင်းစင်ပပျောက်ပါစေ။ နှစ်သစ်သင်္ကြန်မှာ ကြီးပွားတိုးတက်ပြီး အောင်မြင်ကြပါစေ။ အေးချမ်းသာယာပါစေလို့ ဆုတောင်းပါတယ်။