၁၀.၄.၂၀၂၃
Translated by Htwe Ko Tun
ဆော်ဒီအာရေဗျ အစိုးရတာဝန်ရှိသူများက ယီမင်နိုင်ငံ၏ ကိုးနှစ်ကြာပဋိပက္ခကို ဖြေရှင်းရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အားထုတ်မှုတစ်ရပ်အဖြစ် အီရန်ကထောက်ခံသော ဟူသီလက်နက်ကိုင်သူပုန်များနှင့် ဧပြီလ ၉ ရက်က တွေ့ဆုံဆွေးနွေးရန် ယီမင်နိုင်ငံမြို့တော် ဆာနားသို့ ရောက်ရှိနေခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။
ဆော်ဒီအာရေဗျနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့ကို ယီမင်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ၏ သံအမတ်ဖြစ်သည့် မိုဟာမက်ဘင် ဆာအက် အယ်လ်ဂျာဘားကခေါင်းဆောင်ကာ ဟူသီအဖွဲ့၏ နိုင်ငံရေးရာကောင်စီအကြီးအကဲ မာဒီ အယ်လ်-မာရှတ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းလည်း ဟူသီသူပုန်တို့၏ ဆာဘား သတင်းဌာနက ကြေညာခဲ့သည်။
ယီမင်တွင် နှစ်ဖက်တိုက်ပွဲများဖြစ်နေရာမှ ငြိမ်းချမ်းရေးရရှိရန် အိုမန်နိုင်ငံက စေ့စပ်အားထုတ်ပေးခဲ့ခြင်းဖြစ်ပြီး အိုမန်နိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် ဧပြီလ ၈ ရက်တွင် ဆာနားမြို့သို့ ရောက်ရှိခဲ့ကြကြောင်း သိရသည်။
ဟူသီခေါင်းဆောင်တစ်ဦးဖြစ်သော မိုဟာမက် အယ်လ်-ဘူကေတီက ဟူသီနှင့် ဆော်ဒီအာရေဗျအစိုးရအကြား ဂုဏ်ယူဖွယ်ငြိမ်းချမ်းရေးရရှိနိုင်ခြင်းက နှစ်ဖက်စလုံးအတွက် အောင်မြင်မှုဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအရှိန်ကို ဆက်လက်ထိန်းသိမ်းထားကာ အတိတ်ကာလက ဖြစ်ပျက်ခဲ့သည်များကို ပြောင်းပြန်လှန်ပစ်နိုင်အောင် ကြိုတင်ပြင်ဆင်ကြရမည်ဖြစ်ကြောင်း တွစ်တာ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ဆော်ဒီအာရေဗျအစိုးရဘက်ကမူ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ၎င်းကိုယ်စားလှယ်အဖွဲ့၏ခရီးစဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဝေဖန်ပြောကြားခြင်း မရှိသေးပေ။ ယီမင်တွင် ၂၀၁၄ ခုနှစ်၌ ဟူသီသူပုန်တို့က နိုင်ငံ၏မြောက်ပိုင်းအများစုနှင့် ဆာနားမြို့တော်တို့ကို သိမ်းယူနိုင်ခဲ့ပြီးနောက် နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရမှာ နိုင်ငံတောင်ပိုင်းသို့ ထွက်ပြေးခဲ့ရပြီး ဆော်ဒီအာရေဗျတွင် ခိုလှုံခဲ့ရသည်။ ယီမင်နိုင်ငံ၏ ပဋိပက္ခက လွန်ခဲ့သောနှစ်များအတွင်း ဆော်ဒီအာရေဗျနှင့် အီရန်အကြား ၎င်းတို့ကိုယ်စား ဒေသအတွင်းဖြစ်ပွားသည့် ကိုယ်စားစစ်ပွဲအသွင်သို့ ရောက်ရှိခဲ့ရသည်။
ဆော်ဒီအာရေဗျနှင့် ဟူသီသူပုန်တို့အကြား ၂၀၂၂ ခုနှစ် အောက်တိုဘာလက သက်တမ်းကုန်ဆုံးခဲ့သော အပစ်အခတ်ရပ်စဲမှုကို ပြန်လည်အသက်ဝင်စေရန် သဘောတူညီချက်မူကြမ်းတစ်ရပ်ကို မတ်လက ရရှိခဲ့ကြသည်။ ထိုသဘောတူညီချက်က ယီမင်ပြဿနာကိုဖြေရှင်းရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ပြန်လည် ဦးတည်စေခဲ့ခြင်းဟု နှစ်ဖက်စလုံးက ပြောခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ဆာနားလေဆိပ်နှင့် ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သော ဟိုဒေးဒါမြို့တို့ကို ထိန်းချုပ်ထားခြင်းအားဖြေလျှော့ပေးရန်နှင့် ဟူသီတို့ဘက်ကလည်း ယီမင်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော တေ့ဇ်မြို့အား နှစ်နှင့်ချီ၍ ပိတ်ဆို့ထားခြင်းကို အဆုံးသတ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။
Ref——- AP