၁၀. ၄. ၂၀၂၃
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၏ မဟာရတ်ရှ်ထရာ အက္ကိုလာ ခရိုင်အတွင်း လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟိန္ဒူဘုရားကျောင်းတစ်ခုအတွင်း စုရုံးမတ်တပ်ရပ်နေကြသော လူများအပေါ်သို့ သစ်ပင်ကြီးတစ်ပင်ပြိုလဲကျရာ အနည်းဆုံး လူခုနှစ်ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသတာဝန်ရှိသူများက ဧပြီ ၁၀ ရက်တွင် ပြောခဲ့ကြသည်။
အဆိုပါဖြစ်စဉ်က ပါရတ်စ်ရွာအတွင်း ဘာဘူဂျီ မဟာရတ်ဂျ် ဘုရားကျောင်းတွင် ဧပြီလ ၉ ရက် ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Maha aarti ရှိခိုးပူဇော်ပွဲအတွက် ဘုရားကျောင်းဝင်းအတွင်း လူအများစုရုံးနေကြခြင်းဟုလည်း သိရသည်။
ဒေသအတွင်း လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုက သက်တမ်းအားဖြင့်နှစ် ၁၀၀ ခန့် ရှိပြီဖြစ်သော အဆိုပါသစ်ပင်ကြီးကို ဘုရားကျောင်းအတွင်း လူ ၄၀ ဦးခန့် စုရုံးမတ်တပ်ရပ်နေကြသော ရုံတစ်ခုအပေါ် ကျရောက်စေခဲ့ခြင်းဟုလည်း တာဝန်ရှိသူများက ပြောကြသည်။ နောက်ဆုံးသတင်းများအရ ဖြစ်စဉ်တွင် အနည်းဆုံး လူခုနှစ်ဦးမှာသစ်ပင်ပိ၍သေဆုံးခဲ့ရပြီး အခြား ၂၃ ဦးမှာလည်းဒဏ်ရာများ ရခဲ့ကြောင်း သိရသည်။
သစ်ပင်ပြိုလဲမှုသတင်းရလျှင်ရချင်းပင် ရဲတပ်ဖွဲနှင့် ခရိုင်ကယ်ဆယ်ရေးအဖွဲ့များ ထိုနေရာသို့ ရောက်ရှိသွားခဲ့ကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ဒဏ်ရာရသူများကို အက္ကိုလာခရိုင်ဆေးရုံသို့ အမြန်ပို့ပေးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောခဲ့သည်။
Ref—-Devdiscourse