၁၀. ၄. ၂၀၂၃
Written by Peya
ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရသည့် နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးကို ထိုင်းနိုင်ငံ၏ သံဃမဟာနာယက ဒုဥက္ကဋ္ဌ ဆရာတော် လာရောက်ဂါရဝပြု ကန်တော့ခဲ့ကြောင်း ဆရာတော်ဘုရားကြီး၏ တပည့်သံဃာတော်များထံက သတင်းရရှိသည်။
ဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေခြင်းဖြစ်ပြီး လက်ရှိတွင် ဆေးရုံမှ ဆရာဝန်များ၏ ညွန်ကြားချက်အရ အစာပျော့ပျော့ကိုသာ ဘုဉ်းပေးတော်မူနေသည့် အနေအထားဖြစ်ကာ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ အသည်း၊ လည်ချောင်းနှင့် ပန်ကရိယတို့တွင် တွေ့ရသော အဖြေရလဒ်အရ အတိအကျ သိနိုင်ရန် အဖြေရှာနေသော အခြေအနေဖြစ်ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံ၏ သံဃမဟာနာယက ဒုဥက္ကဋ္ဌ ဝပ်ဖိုလ်ကျောင်း ဆရာတော်နှင့် မဟာချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံခြားရေးရာဌာနဥက္ကဋ္ဌဟောင်း ဝပ်အရုဏ်းကျောင်းဆရာတော်တို့က ဗန်းမော်ဆရာတော်ကြီးထံ ဧပြီလ ၉ ရက်တွင် ဂါရဝပြုလာရောက်ကန်တော့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လာရောက်ခဲ့ရာတွင် ဆေးဝါးကုသမှု ခံယူနေရသည့် ဗန်းမော်ဆရာတော်ဘုရားကြီးထံ WAKI မိသားစုမှလှူဒါန်းသော ရွှေသားထီးတော်နှင့်ပြုလုပ်ထားသော ဓာတုစေတီတော်ကို ဆရာတော်ကြီးက ပြန်လည်ချီးမြှင့်လှူဒါန်းခဲ့ကြောင်း သိရသည်။