၁၀. ၄. ၂၀၂၃
Written By Thandar
နိုင်ငံတကာရုပ်ရှင်ပွဲပေါင်း ၃၀ ကျော်မှာ ပါဝင်ပြသခွင့်ရခဲ့တဲ့ Money has four legs “ခြေလေးချောင်း ” အင်ဒီးပန်းဒန့်ရုပ်ရှင်ကို ထိုင်းနိုင်ငံက ချင်းမိုင်ရှိ အင်ဒီးရုပ်ရှင်ရုံတွေမှာ ပထမဆုံး မြန်မာရုပ်ရှင် Premiere ပွဲဦးထွက်အနေနဲ့ ဧပြီ ၉ ရက်နေ့က ပြသခဲ့ပါတယ်။
“အခု ဒီကားကို ထိုင်းမှာရုံတင်တာ Independent ကားအနေနဲ့ အင်ဒီရုံတွေမှာ တင်တာပါ။ ဧပြီ ၂၇ ရက်နေ့မှာ ဘန်ကောက်မှာ ရုံတင်ပါမယ်။ ၉ ရက်နေ့ ချင်းမိုင်ပွဲဟာဆိုရင် (ရုပ်ရှင်ပွဲတော်မဟုတ်ဘဲ) အများပြည်သူကို ပြသမယ့် ပထမဆုံးပွဲဖြစ်တဲ့အတွက် ကျွန်တော့်အတွက်တော့ အဓိပ္ပါယ်အများကြီးရှိတယ်။ အနုပညာတစ်ရပ်မှာ လာကြည့်တဲ့ပရိသတ် (Audience) ကလည်း အရေးပါတယ်လို့ ထင်တယ်။ စကတည်းက မြန်မာလိုတွေးပြီး ရေးထားရိုက်ထားတဲ့ ဇာတ်လမ်းဖြစ်တဲ့အတွက် မြန်မာပရိသတ်ကို လိုချင်ပါတယ်။ ကောင်းသည်ဆိုးသည် ကြိုက်သည်မုန်းသည် အားမနာတမ်း ထင်မြင်ချက်ပေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်” လို့ ဒါရိုက်တာ မောင်ဆန်းက ပရိသတ်သိအောင် ပြောပါတယ်။
ဒီလိုပြသတာက ရုပ်ရှင်ပွဲတော်မှာမဟုတ်ဘဲ အများပြည်သူအတွက် ပထမဆုံး ရုံတင်ပြသတဲ့ပွဲလို့ သိရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားကို ဧပြီ ၂၇ ရက်မှာလည်း ဘန်ကောက်မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားက အာရှမှာ အကြီးဆုံးတစ်ခုအဖြစ် တင်စားရမယ့် ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ၂၀၂၀ မှာ ပြိုင်ပွဲဝင်ကဏ္ဍကနေ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော် အများအပြားမှာ ဆက်လက်ပြသနိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ခြေလေးချောင်းရုပ်ရှင်မှာ ရုပ်ရှင်ဆင်ဆာရဲ့ အဓိပ္ပါယ်မရှိ တင်းကြပ်မှုတွေ၊ ဖန်တရာတေနေတဲ့ ကလီရှေးရိုက်ကူးပုံတွေနဲ့ ငွေနောက်လိုက်နေတဲ့ မြန်မာရုပ်ရှင်လောကကို သရော်ချင်တဲ့ စိတ်နဲ့ သရော်စာဟာသဇာတ်လမ်းအဖြစ် ပုံဖော်ရိုက်ကူးထားတယ်လို့ သိရပါတယ်။
ဒါရိုက်တာ မောင်ဆန်း ကိုယ်တိုင်ဇာတ်ညွှန်းရေးဖွဲရိုက်ကူးထားတဲ့ ” ခြေလေးချောင်း” ရုပ်ရှင်မှာ ဒါရိုက်တာ မောင်ဝဏ္ဏသား ဒါရိုက်တာ ကိုဥက္ကာ (ဓာတ်ခဲ) နဲ့ ဒေါ့ကူမန်ထရီဒါရိုက်တာ မခင်ခင်ဆုတို့က အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားပြီး အင်ဒီပန်းဒန့် ရုပ်ရှင်သမားတွေကလည်း ပါဝင်ကူညီပေးထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို ပြည်တွင်းမှာ ၂၀၂၀ နှစ်ကုန်ပိုင်းလောက်က ပြသဖို့ ဆင်ဆာပြတင်ထားပေမယ့် မပြဖြစ်ခဲ့တဲ့ ဇာတ်ကားလို့လည်း သိရပါတယ်။