၁၀. ၄. ၂၀၂၃
Written by Naing Thuta
ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ခြင်ဆေးခွေထွန်းထားရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၂ လုံးမီးထဲပါသွားကာ အိမ်ထောင်စု ၁၃ စုမှလူဦးရေ ၈၄ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၀ ရက် နံနက် ၅ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၁ လမ်းနှင့် ၅၂လမ်းကြား၊ ၁၀၅ လမ်းနှင့် ၁၀၆လမ်းကြားရှိ အကွက် (စစ-၉/၁၃-က)နေ အသက် ၄၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးပိုင်ဆိုင်သောနေအိမ်တွင် ခြင်ဆေးခွေထွန်းထားရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘေးပတ်ဝန်းကျင်ရှိ နေအိမ် ၁၂ လုံး မီးထဲပါသွားခဲ့ပြီး အိမ်ထောင်စု ၁၃ စုမှ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၄၅ ဦး၊ စုစုပေါင်း လူဦးရေ ၈၄ ဦးတိုအား ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၅ လမ်း၊ ၅၄ လမ်းနှင့် ၅၅ လမ်းကြားရှိ အထက (၂၈) ကျောင်းအတွင်း၌ သက်ဆိုင်ရာတာဝန်ရှိသူများက ယာယီစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ တိုင်းမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်မှူး ဦးဌေးဝင်း ဦးစီး၍ အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၇၀၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းပြီး မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရိ ၃၀ မိနစ်တွင်မီးထိန်းနိုင်ခဲ့ပြီး ၅ နာရီ ၄၀ မိနစ်၌ မီးလုံးဝငြိမ်းသတ်သွားခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်ကျွမ်းမှုထဲသို့ ၁၀×၂၅ ပေ ထရံကာသွပ်မိုး နှစ်ထပ်အိမ် ၁ လုံး၊ ၁၃×၃၂ ပေ နံကပ်နှစ်ထပ်တိုက် ၁ လုံး၊ ၁၃×၂၄ ပေ ထရံကာသွပ်မိုးတစ်ထပ် ၁ လုံး၊ ၁၃×၁၆ ပေ နံကပ်နှစ်ထပ်တိုက် ၁ လုံး၊ ၁၃×၁၆ပေ နံကပ်နှစ်ထပ်တိုက် ၁ လုံး၊ ၁၂×၁၅ ပေ ကျောက်ပြားနှစ်ထပ်တိုက် ၁ လုံး၊ ၁၃×၁၆ပေ ထရံကာမြေစိုက်အိမ် ၁ လုံး၊ ၁၅×၃၅ ပေ သွပ်မိုးထရံကာ မြေစိုက် ၁ လုံး၊ ၁၃×၃၅ ပေ ထရံကာ မြေစိုက်အိမ် ၁ လုံး၊ ၁၃×၃၅ ပေ နံကပ်နှစ်ထပ်တိုက် ၁ လုံး၊ ၂၇×၃၅ ပေ ထရံကာ သွပ်မိုးနှစ်ထပ်တိုက် ၁ လုံး၊ ၁၅×၂၀ပေ နံကပ်နှစ်ထပ်တိုက် ၁ လုံး၊ စုစုပေါင်းလူနေအိမ် ၁၂ လုံးမီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၂၁၉၂၆၀၀၀ ကျပ်ခန့် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ခဲ့ကြောင်းနှင့် လူ/တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းလည်း သိရသည်။
ယင်းကဲ့သို မီးပေါ့ဆစွာအသုံးပြုခဲ့သည့် အိမ်ပိုင်ရှင်အမျိုးသမီးအား အောင်ပင်လယ်နယ်မြေရဲစခန်းမှ မနက် ၉ နာရီတွင် (ပ) ၆၈/၂၀၂၃၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။