MT News
Written By Thandar
ထိုင်းနိုင်ငံ နွမ်ခိုင်မြို့မှာ ကျင်းပမယ့် Mrs.Tourism Queen International 2023 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ပါဝင်ယှဉ်ပြိုင်မယ့် အလှမယ် Sunset Y က ပရိသတ်တွေအားနဲ့ သတ္တိရှိရှိကြိုးစားပြီး ကျော်ဖြတ်သွားမယ်လို့ ဆိုပါတယ်။
အသက် ၄၉ နှစ်အရွယ် Mrs.Sunset Y ဟာ ဧပြီ ၉ ရက်ကနေ ၁၅ ရက်အထိ ထိုင်းနိုင်ငံမှာ နိုင်ငံပေါင်း ၂၀ ကျော်က Mrs.တွေနဲ့အတူ ပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် ဧပြီ ၈ ရက်မှာ မြန်မာနိုင်ငံက ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
“မြန်မာကိုယ်စားပြုအလှမယ် အနေနဲ့ သွားရောက်မှာဖြစ်လို့ အရမ်းကို တာဝန်ကြီးပါတယ်။ ဘဝမှာ တစ်ခါမှ အဲဒီလိုမျိုးတာဝန်အကြီးကြီးကို မယူထားဖူးဘူး။ ကိုယ့်ရဲ့အပြောအဆို အနေအထိုင်ကအစ စက္ကန့်တိုင်းမှာ သတိထားပြီး လုပ်ဆောင်ရတော့မှာဖြစ်တယ်။ ပြင်ဆင်မှုတွေကတော့ အများကြီးလုပ်ထားပါတယ်။ နိုင်ငံပေါင်း ၂၀ က အလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ကိုယ်နိုင်ငံကိုယ်စားပြုတစ်ယောက်အနေနဲ့ နိုင်ငံတကာနဲ့ယှဉ်ရင် တန်းတူရင်ပေါင်တန်းနိုင်အောင် အများကြီး ပြင်ဆင်ထားတယ်။ မြန်မာကို နိုင်ငံတကာကသိအောင် ချပြရမှာဖြစ်တဲ့အတွက် ဝတ်စားဆင်ယင်မှုကအစ အသေးစိတ် ပြင်ဆင်ထားပါတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ယှဉ်ပြိုင်သွားမှာပါ။ ပရိသတ်တွေအားနဲ့ သတ္တိရှိရှိ ကြိုးစားပြီး ကျော်ဖြတ်သွားမှာဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း Mrs. Tourism Queen International 2023 ကို Follow လုပ်ပြီး Sunset Y ရဲ့ ဓာတ်ပုံလေးတွေကို Like ၊ Share လုပ်ပြီး အားပေးကြပါဦးလို့ အလှမယ် Sunset Y က ပြောပါတယ်။
Miss Golden Land Myanmar က စေလွှတ်ယှဉ်ပြိုင်တဲ့ Mrs. Sunset Y က ငွေဆောင်ကမ်းခြေရှိ Ocean Blue Hotel ပိုင်ရှင် အိမ်ထောင်ရှင်အလှမယ်တစ်ဦးဖြစ်ပါတယ်။ သူ့မက မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍ တစ်ဖက်တစ်လမ်းကမြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး Mrs. Tourism Queen Internati onal 2023 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။
“ဒီပြိုင်ပွဲက အလှအပတစ်ခုအတွက်ပဲ သွားပြိုင်တာမဟုတ်ဘဲ ပြိုင်ပွဲလည်းပြိုင်ရင်း ခရီးသွားကဏ္ဍကိုလည်း နိုင်ငံတကာသိအောင် ချပြနိုင်မှာဖြစ်တဲ့အတွက် Mrs. Tourism Queen International 2023 သွားရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရမ်းလှပတဲ့နေရာတွေ အများကြီး ရှိတယ်။ တကယ့်သဘာဝကနေ ဖန်တီးပေးတာတွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံရဲ့ အလှအပတွေကို ကမ္ဘာကသိအောင် Sun တတ်နိုင်သလောက်ချပြခဲ့မယ်”လို့ သူမကဆက်ပြောပါတယ်။
ဒီပြိုင်ပွဲမှာ National Costume ကို ဒီဇိုင်နာသျှတရက အနုပညာလက်ရာမပျောက်အောင်ဖန်တီးချုပ်လုပ်ထားတဲ့ မွန်ဘုရင်မကြီးရှင်စောပု ဘုရင်မကြီးဝတ်စုံပုံစံ National Costume နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး Talent Show ကို ပျူအကအလှနဲ့ ယှဉ်ပြိုင်မယ်လို့သိရပါတယ်။
Mrs. Tourism Queen International 2023 ပြိုင်ပွဲကို မြန်မာအပါအဝင် ကိုရီးယား၊ အိန္ဒိယ၊ တောင်အာဖရိက၊ ယူကရိန်း၊ ထိုင်ဝမ် အစရှိတဲ့ နိုင်ငံပေါင်း ၂၀ က နိုင်ငံကိုယ်စားပြုအလှမယ်အသီးသီးက ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။