၈. ၄. ၂၀၂၃
Written By Thandar
The Voice Myanmar ပြိုင်ပွဲကတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ တေးသံရှင် ခင်ရတနာစိုး ကတော့ “ခေတ်သစ်မဏိစန္ဒာ”သီချင်းမှာ ကျန်စစ်သားကို မုန်းတဲ့ Mood နဲ့ သီဆိုထားတယ်လို့ MT News ကို ပြောပါတယ်။
ဒီသီချင်းကို မနက်ဖန် ဧပြီ ၉ရက်မှာ ခင်ရတနာစိုးရဲ့ Official YouTube https://youtube.com/@khinyadanarsoe8854 ကနေ ပရိသတ်အတွက် လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။
“ဒီတေးသီချင်းလေးက အသစ်လေးပါ။ တခြားသီချင်းလေးတွေနဲ့ မတူဘူး၊ မူလေးလည်း ကွဲထွက်နေမှာပါ။ မြန်မာ့ဆိုင်းရယ် မြူးမြူးကြွကြွလေး ဖန်တီးပေးထားပါတယ်။ အရင် ပုဂံခေတ်က မဏိစန္ဒာနဲ့ ကျန်စစ်သားရဲ့ ဇာတ်လမ်းလေးပါ။ ကျန်စစ်သားရဲ့ အချစ်ရေးမှာ မပြတ်သားမူ၊ သည်းခံနိုင်ခဲ့တာလေ ဒီဘက်ခေတ် မဏိစန္ဒာသာ ငါ ဖြစ်ခဲ့ရင် အရိန္ဒမာလှံကို ငါကိုင်ပြီးတော့ ကျန်စစ်သားကို ပစ်လိုက်ချင်တယ် မုန်းတယ်ပေါ့။ မုန်းတဲ့ Mood နဲ့ ဆိုသွားမှာပါ”လို့ တေးသံရှင် ခင်ရတနာစိုးက MT News ကို ပြောပါတယ်။
အဆိုပါ တေးသီချင်းကိုတော့ တေးရေးဆရာ ဖုန်းကြိုင်က ရေးသားပေးပြီး ထက်အာကာ မြန်မာ့ဆိုင်းနဲ့ EDM Music ပေါင်းစပ်ပြီး တီးခတ်ဖန်တီးထားတယ်လို့ သိရပါတယ်။ Reddy Entertainment မှ ထုတ်လုပ်ထားတဲ့ “ခေတ်သစ်မဏိစန္ဒာ”ကို Executive Producer အနေနဲ့ နီနီခင်ဇော်က အကောင်းဆုံး ကြိုးစားဖန်တီးပေးထားတာလည်း ဖြစ်ပါတယ်။ ခင်ရတနာစိုးကတော့ အလှူသီချင်း၊ အသည်းကွဲသီချင်း၊ အညာမြေသီချင်း အချစ်သီချင်းနဲ့ Cover Song တွေလည်း ပြန်လည်သီဆိုထွက်ရှိဖို့ စီစဥ်သွားမယ်လို့ ဆိုပါတယ်။
“ဒီသီချင်းလေးကို မမနီနီ(နီနီခင်ဇော်)က သီချင်းအစအဆုံးကို ညီမကို လုပ်ပေးထားတာပါ။ ညီမပြိုင်ပွဲပြီးထဲက သီချင်းတွေ မလုပ်ဖြစ်ခဲ့ဘူး ပြီးခဲ့တဲ့ ၂ လလောက် တစ်ပုဒ်ပဲထွက်ခဲ့တာပါ။ မမနီနီကိုယ်တိုင် Producer အနေနဲ့လုပ်ပေးတဲ့ သီချင်းလေးထွက်မှာမို့ ပြောပါတယ်။ ညီမ ကိုယ်တိုင် ဖန်တီးဖို့က ငွေကုန်ကြေးကျ အရမ်းများတယ်လေ။ ညီမ ကိုယ်တိုင်သီချင်းတစ်ပုဒ်လုပ်ရတာ ကြန့်ကြာနေမှာပါ။ မမနီနီ ကူညီပေးလို့ အဆင်ပိုပြေသွားပါတယ်။ “ခေတ်သစ်မဏိစန္ဒာ”သီချင်းလေး ထွက်လာတော့မှာမို့လည်း ပျော်ပါတယ်”လို့ သူမကဆက်ပြောပါတယ်။